DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ပိတ်လိုက်သဖြင့် ဘတ်ငွေ ဘီလီယံချီဆုံးရှုံး
DVB
·
August 19, 2025
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ် ၂ ပိတ်လိုက်သဖြင့် ဘတ်ငွေ ဘီလီယံချီဆုံးရှုံး
Donate to DVB

ထိုင်း–မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို မြန်မာဘက်က ယာယီပိတ်လိုက်တာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်သွားပြီး ထိုင်းပို့ကုန်တန်ဖိုး ဘတ်ငွေဘီလီယံနဲ့ချီ နစ်နာဆုံးရှုံးရတဲ့အကြောင်း The Nation ထိုင်းသတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။

ဒါဟာ မြန်မာဘက်က ကုန်သွယ်မှု ၀င်ငွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပြီး ခုလို ပိတ်လိုက်တာကြောင့်  ထိုင်းပို့ကုန်တန်ဖိုး နစ်နာမှုဟာ သုံးလပတ်အတွက် ဘတ် ၅၀ ဘီလီယံနီးပါးကနေ ဘတ် ၁၀ ဘီလီယံကျော်အထိ ကျဆင်းသွားပြီး ခန့်မှန်းခြေ ဘတ် ၁၃၀ ဘီလီယံဖိုး ကုန်သွယ်မှုကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ထိုင်းစီးပွားရေးလုပ်ငန်းတွေအတွက် အကျပ်အတည်းက ထိုင်းအာဏာပိုင်တွေရဲ့ တင်းကျပ်တဲ့ စစ်ဆေးရေး စည်းမျဉ်းအသစ်တွေနဲ့ ပေါင်းစပ်ကာ နှောင့်နှေးမှုတွေနဲ့အတူ နယ်စပ်ကုန်သွယ်ရေးစနစ် တခုလုံးကို ထိခိုက်စေနိုင်တယ်လို့ မျှော်လင့်ရသလို လက်ရှိမှာတော့ ထိုင်း-မြန်မာ နယ်စပ်တလျှောက် ပို့ကုန်လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းရှင်တွေကြား အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

သတင်းတွေအရ ခုလို ထိုင်း–မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကို ရုတ်တရက် ပိတ်လိုက်ဖို့ အမိန့်ဟာ နေပြည်တော်က ဆင်းသက်လာတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အမြတ်အစွန်းတွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ ရည်ရွယ်တဲ့ ဖြိုခွင်းမှုတစိတ်တပိုင်းအဖြစ် ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်ကတော့ နှစ်ပေါင်းများစွာ ဒီနယ်စပ်ကုန်သွယ်မှုကနေရတဲ့ ဝင်ငွေတွေဟာ ကရင် နယ်ခြားစောင့်တပ် (BGF) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးကို အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

အဓိက ကုန်သွယ်မှုတွေ စီးဆင်းရာဖြစ်တဲ့ အမှတ် ၂ တံတားကို ပိတ်ထားပေမဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၁ ကိုတော့ ဖွင့်ထားဆဲဖြစ်ကာ နယ်စပ်ဖြတ်ကျော် သွားလာမှုတွေနဲ့ အသေးစား ပြည်တွင်း ကုန်သွယ်မှုတွေအတွက် လည်ပတ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အမှတ် ၂ တံတားက ကြီးမားတဲ့ သွင်းကုန်နဲ့ ပို့ကုန်တွေအတွက် အဓိက လမ်းကြောင်းဖြစ်ပြီး သူ့ကို ပိတ်လိုက်တာကြောင့် လုပ်ငန်းကုမ္ပဏီတွေ၊ ကုန်တင်ယာဉ်တွေနဲ့ ကုန်သည်တွေအတွက် သိသိသာသာ အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့လည်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ အကျပ်အတည်းကို တုံ့ပြန်တဲ့အနေနဲ့ မနေ့က တနင်္လာနေ့မှာ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး ဒါကို အဖြေရှာဖို့ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာအစိုးရနဲ့ အမြန်ဆုံး ညှိနှိုင်းဆွေးနွေးဖို့ အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ ကိုစစ်ကောင်စီဘက်က ယာယီပိတ်လိုက်တဲ့အတွက် ကုန်သွယ်မှုတွေ ရပ်တန့်သွားသလို သွင်းကုန်ပစ္စည်းတွေကိုလည်း ကန့်သတ်လိုက်တာကြောင့်လည်း ပြည်တွင်းဈေးကွက်ထဲမှာ ထိုင်းကုန်ပစ္စည်းတွေ ပြတ်လပ်ကာ ဈေးတက်တာတွေလည်း ဖြစ်ပေါ်နေတာပါ။

Source: The Nation Thailand

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013