
အိန္ဒိယ-ရခိုင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကို စက်တင်ဘာ ၂၄ ရက်ကစပြီး ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ မရာလူငယ်အစည်းအရုံး (MTP)က ထုတ်ပြန်ကြေညာ ပါတယ်။
စက်တင်ဘာ ၁၆ ရက်ကတည်းက ပိတ်ထားတဲ့ ဆိုင်းဟာခရိုင်အတွင်းက ခိုင်ခီကုန်သွယ်ရေးလမ်းကြောင်း၊ လောင်မရှူကုန်သွယ်ရေးလမ်းကြောင်းနဲ့ လောင်ဒုံ ကုန်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကို ပြန်ဖွင့်လိုက်တာပါ။
စက်တင်ဘာ ၁၄ ရက်က ဆိုင်းဟာမြို့နယ်ရဲ့ နယ်စပ်မြို့ ခိုင်ခီကျေးရွာမှာ ကျေးရွာလူငယ်အစည်းအရုံးက ဆိပ်ကမ်းတာဝန်ရှိသူ တချို့နဲ့ ရခိုင်စက်လှေသမားတွေအကြား စက်လှေထွက်ခွာခွင့်နဲ့ အငြင်းပွားမှု ဖြစ်ရာကနေ အချေအတင်ဖြစ်ပြီးနောက် အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးကို ယာယီပိတ်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာခရိုင်အခြေစိုက် မရာလူငယ်အစည်းအရုံး (MTP) တာဝန်ရှိသူတွေနဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) တာဝန်ရှိသူတို့ ဆိုင်းဟာမြို့မှာ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဒီကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ခုလို ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးမှုကို မရာလူငယ်အစည်းအရုံး (MTP) ဥက္ကဋ္ဌ အက်စ် ဗာဘေးဟာဆာက ဦးဆောင်တက်ရောက်ခဲ့ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ဘက်က နယ်စပ်ဆက်ဆံရေးအရာရှိ ဦးကျော်နိုင်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်တို့ ဦးဆောင်တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ စက်တင်ဘာ ၁၄ ရက်က ခိုင်ခီကျေးရွာမှာ ကျေးရွာလူငယ်တွေနဲ့ ရခိုင်စက်လှေသမားတွေအကြား အချေအတင်ဖြစ်ပွားတဲ့ပြဿနာကို အဓိထားဆွေးနွေးခဲ့ကြပြီး ရခိုင်နဲ့ မရာလူမျိုးတို့အကြား အနာဂတ်မှာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မရာလူငယ်အစည်းအရုံး (MTP) က ထုတ်ပြန်ပါတယ်။
အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၃ ခုကို ပြန်လည်ဖွင့်ပေးလိုက်တာဟာ နယ်စပ်ကုန်သွယ်မှုအတွက် အများကြီး အထောက်အပံ့တွေရစေပြီး ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်သလို စရိတ်စကလည်း လျှော့ချနိုင်စေတယ်လို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။
“နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမှု ရလဒ်ကောင်းထွက်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ အားလုံးကိုလည်း ပြန်ဖွင့်လိုက်ပြီဆိုတော့ ကုန်သွယ်မှု စီးဆင်းမှု မြန်ဆန်မှုနဲ့ စရိတ်စက အပိုင်းမှာလည်း အများကြီး သက်သာစေနိုင်တယ်။ ဒီလမ်းကြောင်းတွေက ခရီးစရိတ် အသက်သာဆုံး လမ်းကြောင်းတွေ ဖြစ်တယ်။ ဒီဖြစ်ရပ်ကို သင်ခန်းစာယူပြီး နောင် အခုလိုကိစ္စတွေ မဖြစ်အောင် အများကြီး သတိထားကြရမယ်။”
စက်တင်ဘာ ၁၄ ရက်က ခိုင်ခီကျေးရွာမှာ ဒေသခံ လူငယ်တွေနဲ့ အချေအတင် ရန်ဖြစ်ခဲ့ကြတဲ့ စက်လှေသမားတွေကိုလည်း ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးထားပြီး လိုအပ်တဲ့အရေးယူမှုတွေ လုပ်မယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်ကို ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားတာကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီတွေကို မီဇိုရမ်ပြည်နယ်က အဓိက တင်သွင်းနေကြရတာလည်း ဖြစ်ပါတယ်။










