
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ညီညွတ်ရေးအတွက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နဲ့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေ ဩဂုတ် ၁၈ ရက် ဒီနေ့ နေ့လယ်က DKBA ဌာနချုပ် ဆုံဆည်းမြိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာ BGF အမှတ် (၂) စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်၀င်း၊ အမှတ် (၄) စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောမောသိုနဲ့ DKBA တပ်မှူး ဗိုလ်ချုပ် စောဆန်းအောင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြ ပါတယ်။
BGF တပ်နယ်မှူး ဗိုလ်မှူးချုပ် စောတင်ဝင်းက “ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းညီညွတ်ရေးနဲ့ အပြန်အလှန် ချစ်ကြည်နားလည်မှု ပိုမိုရရှိနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ဝေါလေဒေသက ကရင် စစ်ပြေးဒုက္ခသည်တွေအရေးနဲ့ ဒေသတွင်း ပြည်သူလူထုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။
မကြာခင်ကာလမှာ DKBA ၊ BGF နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) တို့ သုံးပွင့်ဆိုင် ထပ်မံတွေ့ဆုံသွားမယ်လို့ DKBA ခေါင်းဆောင် ဗိုလ်ချုပ် စောဆန်းအောင်က ပြောပါတယ်။










