DVB Logo
Home
မြန်မာသတင်း
မလေးရှားကို တရားမဝင်သွားမည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ 
DVB
·
August 18, 2025
မလေးရှားကို တရားမဝင်သွားမည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့မှာ မလေးရှားနိုင်ငံ ဆက်သွားမယ့် မြန်မာအမျိုးသမီး ၉ ယောက်နဲ့ ဝန်ဆောင်မှုပေးတဲ့ မြန်မာအမျိုးသား ၂ ယောက်တို့ ဖမ်းဆီးခံရတယ်လို့ Naewna ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဟတ်ယိုင်မြို့နယ်၊ ဘန့်ဖရုရပ်ကွက်ရှိ ရီဆော့တ်ဟိုတယ်တခုမှာ တရားမဝင် အလုပ်သမားတွေ လာရောက်တည်းခိုကြောင်း ကြိုတင်သတင်းပေးချက်ရတာကြောင့် ဗဟိုရဲတပ်ဖွဲ့နဲ့ လဝကရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ အဆိုပါဟိုတယ်အနီးတဝိုက်ကို စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၇ ရက်မှာတော့ အမျိုးသား ၂ ယောက် ဆိုင်ကယ်စီးပြီး ဟိုတယ်ထဲ ဝင်လာတယ်၊ တာဝန်ရှိသူတွေကို တွေ့တော့ ထိတ်လန့်သွားပြီး အမူအရာပျက်နေတာကို မသင်္ကာဖွယ် တွေ့ရတယ်၊ တာဝန်ရှိသူတွေက အထောက်အထား စစ်ဆေးရာမှာ ၂ ယောက်လုံး ၁၀ နှစ်ခံ ပန်းရောင်ကတ်ပြားတွေ ရှိပါတယ်။

ဆက်လက်စစ်ဆေးရာမှာ သူတို့ ၂ ယောက်အမည်နဲ့ ဟိုတယ်အခန်း ၈ ကို ငှားထားတယ်၊ အခန်းထဲ သွားကြည့်ရာမှာ အမျိုးသမီး ၁၀ ယောက် စုပြုံနေထိုင်ကြတယ်၊ သူတို့ထဲမှာ တယောက်ပဲ ထိုင်းမှာ နေထိုင်ခွင့် အထောက်အထားရှိပြီး ကျန် ၉ ယောက်မှာ ဘာလက်မှတ်မှ မရှိတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သူတို့တွေဟာ မလေးရှားနိုင်ငံကို ဆက်သွားဖို့ မြန်မာပြည်ကနေ တောလမ်းတဆင့် ဝင်ရောက်လာတယ်၊ လမ်းမှာ ကားအဆင့်ဆင့် စီးရတယ်၊ မြန်မာပြည်ရှိ ပွဲစားအဆက်အသွယ်နဲ့ ရောက်လာတယ်၊ တယောက်ကို ကျပ်ငွေ သိန်း ၈၀ (ထိုင်းဘတ် ၆၄,၀၀၀) ပေးရမှာဖြစ်တယ်၊ လောလောဆယ် တယောက်ကို ကျပ် ၅၅ သိန်း (ထိုင်းဘတ် ၄၄,၀၀၀) ပေးချေထားပြီး ကျန်ငွေကို မလေးရှားရောက်မှ ပေးရမယ်လို့ ပြောပါတယ်။

ဆိုင်ကယ်နဲ့ဝင်လာသူ အမျိုးသား ၂ ယောက်ဖြစ်တဲ့ ကျော် (၃၈ နှစ်) နဲ့ စိုး (၂၅ နှစ်) တို့ကတော့  ဟိုတယ်မှာ လာတည်းသူတွေကို နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့ လိုအပ်သလို ဝန်ဆောင်ပေးဖို့ မြန်မာပြည်မှာရှိတဲ့ ပွဲစားက ဆက်သွယ်လာတာကြောင့် ဆောင်ရွက်ပေးနေတာ ဖြစ်တယ်။

ဧည့်သည်တယောက်ကို ဝန်ဆောင်ခ ဘတ် ၈၀၀ နှုန်း၊ ကားခက တယောက်ကို ဘတ် ၅၀၀ နှုန်း ရတယ်လို့ ဝန်ခံသွားပါတယ်။

တာဝန်ရှိသူတွေက အမျိုးသမီး ၉ ယောက်ကို တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အမျိုးသား ၂ ယောက်ကိုတော့ တရားမဝင်သူတွေကို ကူညီပံ့ပိုးမှု၊ တရားမဝင်သူတွေ အဖမ်းမခံရအောင် ကာကွယ်သိုဝှက်ထားမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၇ ရက် တနေ့တည်းမှာပဲ ထိုင်းတောင်ပိုင်း ပရကျုပ်ခီရီခရိုင်ထဲမှာ မလေးရှား သွားမယ့် မြန်မာနိုင်ငံသား ၁၃ ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

သူတို့တွေဟာ ပရကျူပ်ခီရီခန်မြို့နယ် ကော်လပ်ခ်အုပ်စုရှိ  လူမနေတဲ့ အိမ်ဟောင်းကြီးတလုံးထဲမှာ ပုန်းခိုနေစဉ် သတင်းပေါက်ကြားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးတာမှာ ထွက်ပြေးကြပေမဲ့ ရဲတွေက အနောက်ကလိုက်လံဖမ်းဆီးခဲ့တယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီ သတင်းမှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၁၅ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ထောင်းဖာဖူးမြို့နယ်ထဲမှာ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ယောက် ထိုင်းလူမျိုး ယာဉ်မောင်းသမားနဲ့အတူ ဖမ်းဆီးခံခဲ့ရပါသေးတယ်။ သူတို့ဟာ ရန်ကုန်ကနေလာကြပြီး ပွဲစားကို တယောက် ဘတ် ၁၅,၀၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

Source: Naewna / Ch7 TV News / Kanchanaburi News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013