DVB Logo
Home
မြန်မာသတင်း
မတ္တရာနယ်၊ ထန်းပင်ကုန်းရွာဆရာတော် အသတ်ခံရမှု အမှုမှန်မပေါ်သေး
DVB
·
August 18, 2025
မတ္တရာနယ်၊ ထန်းပင်ကုန်းရွာဆရာတော် အသတ်ခံရမှု အမှုမှန်မပေါ်သေး
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာ ဆရာတော် အသတ်ခံရမှု လက်ရှိအချိန်အထိ အမှုမှန်မပေါ်သေးဘဲ ဒေသတွင်းမှာ စစ်တပ်ရဲ့ ခြိမ်းခြောက်သတ်ဖြတ်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ် သံဃနာယက အတွင်းရေးမှူး၊ ထန်းပင်ကုန်းကျောင်း၊ ကျောင်းထိုင်ဆရာတော် ဥူးဝါယမဟာ ၂၀၂၃ နိုဝင်ဘာ ဒုတိယအပတ်ထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရပြီး ဒဏ်ရာနဲ့ ရုပ်အလောင်းကိုပဲ ရွာသားတွေက ပြန်ရခဲ့တာပါ။

ဆရာတော် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အခြေအနေကို မျက်မြင်သက်သေမရှိခဲ့ဘဲ လက်ရှိအချိန်အထိ အမှုမှန်မပေါ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဆရာတော် ပျံလွန်တော်မူပြီးနောက်မှာ စစ်တပ်က လူသတ်ပြီး ရွာထိပ်မှာ ချိတ်ထားတာ၊ ရွာနီးစပ် ချောင်းထဲကနေတဆင့် အသတ်ခံထားရသူတွေရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မျှောချပြီး ဒေသခံပြည်သူတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထန်းပင်ကုန်းရွာ စစ်ကောင်စီစခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ခဲ့ပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီက ထန်းပင်ကုန်းရွာကို အသေခံဒရုန်းတွေနဲ့ လေကြောင်းက တိုက်ခိုက်နေတာကြောင့် ဒေသခံတွေဟာ ရွာကို စွန့်ခွာထွက်ပြေးနေရပါတယ်။

ထန်းပင်ကုန်းရွာသားတယောက်က “ထန်းပင်ကုန်းဆရာတော် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်က လက်မဲကြီးက ကျနော်တို့ ထန်းပင်ကုန်းရွာထဲမှာတော့ ရှိမယ်လို့တော့ ထင်တာပဲဗျာ။ ဆရာတော်ကြီးကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ များစွာ စိတ်မကောင်းပါဘူးဗျ။ ဆရာတော်ကြီး ပျံလွန်တော်မူသွားပြီးတဲ့နောက်ပိုင်းမှာ စကစတွေ ကြီးစိုးနေတဲ့ ကျောက်တံတား၊ ရေနားချောင်းဘက်ကနေ လူတွေကို သတ်ပြီးတော့ ခြေတွေ လက်တွေ ဖြတ်ပစ်ပြီးတော့ ချောင်းထဲမှာ မျှော၊ မျှောချတဲ့ဟာတွေက ကျနော်တို့ရွာထိပ်မှာ လာလာပေါ်တာပေါ့ဗျာ။ အဲဒီလိုမျိုးဖြစ်စဉ်က အမြဲတမ်းလိုလို ရှိခဲ့တယ်ဗျ။ ခေါင်းပြတ်မျောလာလိုက် ခန္ဓာကိုယ်ချည်း သီးသန့် မျောလာလိုက်၊ နောက်ပြီး ပေါင်ပြတ် လက်ပြတ်တွေ အဲဒီလိုပုံစံမျိုးတွေနဲ့ မျောမျောလာတာတွေလည်း ရှိတယ်ပေါ့ဗျာ။ ရွာသူရွာသားတွေက ဆယ်တင်ပြီးတော့ တချို့ဟာတွေကို သင်္ဂြိုဟ်ပေးတယ်၊ တချို့ဟာတွေကျ စခန်းလှမ်းအကြောင်းကြားပေမဲ့ စခန်းကလည်း မင်းတို့ ဖြစ်သလိုသာ သင်္ဂြိုဟ်လိုက်လို့ ပြောပါတယ်၊ မတ္တရာစခန်းကပါ။ ကျနော်တို့ ငယ်စဉ်ဘဝတုန်းက အရမ်းကိုအားကိုးအားထားရတဲ့ Standard Army ကြီးပေါ့ဗျာ။ ကျနော်တို့ မဆီမဆိုင် ပြည်သူတွေဘက်ကို သေနတ်ပြောင်းဝမလှည့်ပါနဲ့။ နောက်ပြီး သူတို့လွှတ်လွှတ်နေတဲ့ အသေခံဒရုန်းကလည်း ပြည်သူတွေအပေါ် တည့်တည့်ပဲ အများဆုံး အခွဲခံနေရတယ်ပေါ့။ အားကိုးအားထားရတဲ့ Standard Army ကြီး ကျနော်တို့ပြည်သူတွေဘက်ကို အခုလိုမျိုး ဖြစ်ရပ်တွေကို မလုပ်ပါနဲ့လို့ဘဲ ကျနော် ပြောချင်တယ်ပေါ့ဗျာ။”

မတ္တရာနယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပုသိမ်ကြီးနယ်ထဲက မြကန်သာ-သရက်ကိုင်း စစ်ကောင်စီ အထိုင်စခန်းတွေကို ဇူလိုင် ၂၀ ရက်နေ့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။

လတ်တလောမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ မြကန်သာတရွာလုံး ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြကန်သာ-သရက်ကိုင်းနယ်မှာ စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ရုံသာမက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေ အများအပြား ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြကန်သာရွာသူတယောက်က “တူမက ကြောက်ပါတယ်ပေါ့၊ မလုပ်ပါနဲ့ပေါ့၊ မသတ်ပါနဲ့ပေါ့၊ အဲဒီလိုပြောတယ်။ အဲဒီကားပေါ်မှာ နင့်ဘဝနဲ့ အသက်နဲ့ ဘယ်ဟာပေးမတုန်းပေါ့၊ ဘဝကိုပေးမလား အသက်ကိုပေးမလားလို့ မေးတော့ တူမလေးက ဘဝကိုလည်း မပေးရဲပါဘူး၊ အသက်လည်း မပေးရဲပါဘူးပေါ့၊ ကျမမှာ ယောက်ျားလည်း ရှိပါတယ်၊ ကလေးလည်း ရှိပါတယ်ပေါ့။ ပြောပြန်ပြီလား ဒီပါးစပ်တဲ့။ ဒီကောင်မ သတ်ပစ်လိုက်ကွာတဲ့ အဲဒီလိုလည်းပြောပါတယ်။ စကစတွေ၊ ပျူလည်း ပါတယ်။ သူတို့ရုံးမှာ တညအိပ်ရပါတယ်။ နောက်နေ့သွားတော့ တူမကိုလည်း ထုတ်ပေးလိုက်ပါတယ်။ အလိုက်မြန်လို့သာပေါ့။ နောက်ကျရင် ကျမတူမလေးက မတွေးဝံ့စရာပါပဲ” လို့ ပြောပါတယ်။

ထန်းပင်ကုန်းရွာ၊ မြကန်သာနဲ့ သရက်ကိုင်းရွာတွေဟာ မတ္တရာနယ်တောင်ပိုင်းနဲ့ ပုသိမ်ကြီးနယ် မြောက်ပိုင်း ထိစပ်တဲ့ ဒေသမှာ တည်ရှိတဲ့ ရွာတွေဖြစ်ပြီး စစ်ရေးတင်းမာမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာပါ။

၁၀၂၇ စစ်ဆင်ရေးအလွန် ၂၀၂၄ ဇူလိုင် ၃၁ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ မှတ်တမ်းတွေအရ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၃၅ ခုအထိ ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့တာပါ။

စစ်ရေးပြဿနာတွေကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးနဲ့ ဆေးဝါးလိုအပ်ချက် စတဲ့ အခြေခံလိုအပ်ချက်တွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013