DVB Logo
Home
နိုင်ငံတကာ
ဓားစာခံလွတ်မြောက်ရေးနှင့် ဂါဇာစစ်ပွဲအဆုံးသတ်ရေး အစ္စရေးပြည်သူ သိန်းချီ ဆန္ဒပြ
DVB
·
August 18, 2025
ဓားစာခံလွတ်မြောက်ရေးနှင့် ဂါဇာစစ်ပွဲအဆုံးသတ်ရေး အစ္စရေးပြည်သူ သိန်းချီ ဆန္ဒပြ
Donate to DVB

ဂါဇာစစ်ပွဲ အဆုံးသတ်ဖို့နဲ့ ဟားမတ်စ်က ဖမ်းထားတဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ယူဖို့ တဲလ်အဗစ်မြို့မှာ အစ္စရေးပြည်သူသိန်းချီ စုရုံး ဆန္ဒပြခဲ့သလို နိုင်ငံတဝန်းမှာလည်း နိုင်ငံလုံးကျွတ် သပိတ်ကြီးပါ ဆင်နွှဲခဲ့ကြပါတယ်။

ဩဂုတ် ၁၈ ရက်က တဲလ်အဗစ်မြို့က ဓားစာခံရင်ပြင်လို့ ထင်ရှားတဲ့နေရာကို ချီတက်စုရုံးသူဦးရေဟာ အများဆုံး ဖြစ်ခဲ့ပါတယ်။

အစိုးရက ဂါဇာစီးတီးကို ထိန်းချုပ်မယ့် အစီအစဉ်ဟာ ဟားမတ်စ်လက်ထဲက ဓားစားခံ အယောက် ၂၀ လောက်ရဲ့ အသက်ကို စွန့်စားရာရောက်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

နိုင်ငံလုံးကျွတ်သပိတ်ကြီးပါ ဆင်နွှဲခဲ့ကြပြီး တချို့ဧရိယာတွေမှာ လမ်းတွေ၊ ရုံးတွေနဲ့ တက္ကသိုလ်တွေ ပိတ်ထားခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ ဆန္ဒပြပွဲတွေကို ဝေဖန်ခဲ့ပြီး ဟားမတ်စ်ရဲ့ ရပ်တည်ချက်ကို ခိုင်မာသွားစေသလို ဓားစာခံလွတ်မြောက်ရေးပါ နှေးကွေးသွားစေတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

နိုင်ငံလုံးကျွတ် သပိတ်ကြီးကို ဓားစာခံမိသားစုတွေနဲ့ စစ်ပွဲတိုးချဲ့မှု ဆန့်ကျင်သူတွေက ဦးဆောင်လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

“ကျယ်ပြန့်ပြီး အောင်မြင်နိုင်တဲ့ သဘောတူညီချက်ရဖို့နဲ့ စစ်ပွဲအဆုံးသတ်ဖို့ ဓားစာခံနဲ့ ပျောက်ဆုံးမိသားစု ဖိုရမ်က တောင်းဆိုကြောင်း” ဓားစာခံ မာတန်ရဲ့ မိခင် အိနက်ဗ်ဇန်ဂေါ်ကာက ပြောပါတယ်။

အစ္စရေးအစိုးရဟာ တရားမျှတတဲ့ စစ်ပွဲကို အဓိပ္ပာယ်မရှိတဲ့ စစ်ပွဲဖြစ်အောင် ပြောင်းလဲပစ်ခဲ့တယ်လို့လည်း ဇန်ဂေါ်ကာက ဝေဖန်လိုက်ပါတယ်။

ဂါဇာကမ်းမြောင်က အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးကို သိမ်းပိုက်ဖို့ အစ္စရေး စစ်ကက်ဘိနက်က မဲခွဲဆုံးဖြတ်ခဲ့အပြီး တပတ်အကြာမှာ အခုဆန္ဒပြပွဲကြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။

အစ္စရေးက တောက်လျှောက် ဗုံးကြဲနေတာကြောင့် ဂါဇာစီးတီး၊ ဇိုင်တွန်ရပ်ကွက်က ဒေသခံထောင်ချီ ထွက်ပြေးခဲ့ရတယ်လို့ မြို့မြူနီစပယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ရေးဇုန်ကနေ ဂါဇာတောင်ပိုင်းကို ရွှေ့ပြောင်းသူတွေအတွက် တဲနဲ့ အမိုးအကာတွေ ပံ့ပိုးတာ ပြန်စမယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပါတယ်။

ဂါဇာစီးတီးကနေ လူတသန်းလောက် တောင်ပိုင်းကို အဓမ္မရွှေ့ပြောင်းဖို့ အစ္စရေးက စီစဉ်နေတာဖြစ်ပေမဲ့ အဲဒီလူတွေ ဘယ်အချိန်ကျမှ ဂါဇာစီးတီးကို ပြန်ဝင်ခွင့်ရမယ်လို့ မပြောထားပါဘူး။

ဂါဇာလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းဖြစ်တဲ့ အနည်းဆုံး လူ ၁ ဒသမ ၉ သန်းဟာ အိုးအိမ်ရွှေ့ပြောင်းခဲ့ရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အောက်တိုဘာ ၇ ရက်ကစလို့ မြို့တခုလုံး အစ္စရေးထိန်းချုပ်ထားနိုင်ဖို့ အမိန့်ပေးထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒါဟာ ဟားမတ်စ်နဲ့ တခြားအဖွဲ့တွေ အစ္စရေးကို ဝင်တိုက်ပြီးတော့ လူ ၁,၂၀၀ သတ်ဖြတ်ပြီး ၂၅၁ ယောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားတဲ့ ဖြစ်စဉ် ၂ နှစ်ပြည့်နဲ့ တိုက်ဆိုင်နေပါတယ်။

အစ္စရေးထိုးစစ်ကြောင့် ပါလက်စတိုင်း ၆၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ပြီး ဒီအချက်အလက်တွေဟာ ဟားမတ်စ်လက်အောက်ခံ ဂါဇာကျန်းမာရေးဌာနက ထုတ်ပြန်တာ ဖြစ်ပေမဲ့ စိတ်ချယုံကြည်ရတယ်လို့ ကုလသမဂ္ဂက လက်ခံထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013