DVB Logo
Home
Lead Story
ဓမ္မဘက်က ရပ်တည်၊ အဓမ္မကို တိုက်ဝံ့သူ လူထုစိန်ဝင်း 
DVB
·
August 17, 2025
ဓမ္မဘက်က ရပ်တည်၊ အဓမ္မကို တိုက်ဝံ့သူ လူထုစိန်ဝင်း 
Donate to DVB

လူထုတိုက်ထွက်၊ ကလောင်ထက်သူ

ရေးချက် ထိရှ၊ သမိုင်းလှသူ

ပြည်သူပြည်သား၊ လမ်းပြသွားသူ

လူထုစိန်ဝင်း၊ မွေးဖွားခြင်းကား

နှစ်များတွက်ဆစ်၊ ရှစ်ဆယ့်ငါးနှစ်တိုင်ခဲ့ပြီ။

သတင်းစာသမားအချင်းချင်း လေးစားတာခံရသူ 

စာရေးဆရာ သတင်းစာဆရာကြီး လူထုစိန်ဝင်းသာ သက်ရှိထင်ရှား ရှိနေဦးမည်ဆိုပါက ၂၀၂၅ ခုနှစ် ဩဂုတ် ၁၃ ရက်မှာ ၈၅ နှစ်ပြည့်ပါပြီ။ သို့သော် ဆရာ လူထုစိန်ဝင်းကား ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ကတည်းက ကွယ်လွန်ခဲ့တာပါ။ ကျနော်တို့ လေးစားရတဲ့ ဆရာလူထုစိန်ဝင်းဟာ အမှန်တရားဘက်က ရပ်တည်သူ၊ မှားယွင်းမှုကို တိုက်ဝံ့သူ၊ အပြောင်းအလဲကိုလည်း တောင်းဆိုတတ်တဲ့ သတင်းစာဆရာ တဦးဖြစ်တယ်လို့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောခဲ့ဖူးပါတယ်။ သူမရှိတော့တဲ့အတွက် သတင်းစာလောကက လုပ်ဖော်ကိုင်ဘက် တယောက် ဆုံးရုံးတာမျိုးလည်း မကဘူး၊ ပြည်သူလူထု တရပ်လုံးအတွက် ဆုံးရုံးမှုဖြစ်တယ်လို့လည်း ဘဘဦးဝင်းတင်က ပြောခဲ့ပါတယ်။

မျိုးဆက်သစ်တို့ကလည်း လေးစားအားကျသူ

မျိုးဆက်သစ် တဦးဖြစ်တဲ့ ကျနော်တို့ DVB အယ်ဒီတာတဦးဖြစ်သူ ကိုသန်းဝင်းထွဋ်ကတော့ သူတို့လူငယ်ကျောင်းသားဘဝမှာ ဆရာလူထုစိန်ဝင်းက လမ်းပြပေးခဲ့ကြောင်း၊ သူတို့တွေ ရောက်သွားရင် ဆရာလူထုစိန်ဝင်းက အင်္ဂလိပ်လိုသာ ပြောခိုင်းသတဲ့။ အဲ့သည်ကနေ အခြေခံပြီး အင်္ဂလိပ်စကားပြောရော စာဖတ်တတ်တဲ့ အကျင့်ပါ ဆရာ့ဆီက ရလာတယ်လို့ ဆိုပါတယ်။ သိရသလောက် လူထုခြံပေါက် လူထုစိန်ဝင်းခြံကနေ ပေါက်ဖွားလာသူ လူငယ်တွေလည်း မနည်းမနောပါတဲ့။ ကျနော်ဆိုရင် ဆရာလူထုစိန်ဝင်းရဲ့ ကလောင်ခွဲ "ဝင်းဇော်" အမည်နဲ့ ရေးတဲ့ "အလံမလှဲစတမ်း"စာအုပ်ကို သိပ်ကြိုက်ပါတယ်။ အဲ့သည်စာအုပ်ထဲက ဇာတ်ကောင် "ချောအိမာန်" ကို အားကျတယ်။ လူငယ်ထုကို တော်လှန်စိတ်တွေ မွေးပေးတဲ့ စာအုပ်တအုပ်ပါပဲ။ ချောအိမာန်ကို အားကျပြီး ကျောင်းသူတွေဟာ "ချောအိ" ....... နဲ့ စတဲ့ နာမည်တွေ ခံယူလာကြတဲ့အထိ စာရေးချက် အောင်မြင်သူပေါ့။ ဥပမာ ချောအိသိမ်းလို့ နာမည်မှည့်သူတွေလည်း ရှိခဲ့တာကိုး။ အခု နွေဦးတော်လှန်ရေးမှာတော့ ဆရာ့ရဲ့ "အလှံမလှဲစတမ်း" ဇာတ်လမ်းကို ပွဲကနေကြတာက တပြည်လုံး ဖြစ်နေပြီပေါ့။

ပြည်သူသာအမိ ပြည်သူသာအဖဝါဒကို ယုံကြည်သူ

အာဏာသိမ်းစစ်တပ်ဟာ "တပ်မတော်သာအမိ တပ်မတော်သာအဖ" ဆောင်ပုဒ်တွေသုံးပြီး စစ်တပ်ကြီးစိုးရေး ဝါဒဖြန့်ပါတယ်။ စစ်တပ်ကြီးစိုးရေး ဂျင်းထည့်တာပေါ့။ ဒါကို မြင်နေတွေ့နေရတော့ ဆရာလူထုစိန်ဝင်းက ပြည်သူဟာ အမိအဖ ဖြစ်ကြောင်း ဆောင်းပါးရေးပြီး ပြန်လည် ချေပခဲ့ပါတယ်။ ဆောင်းပါး ခေါင်းစဉ်က "အစိုးရကမိဘလား ပြည်သူက မိဘလား" ဖြစ်ပါတယ်။ နောက်တော့ အဲ့သည် "အစိုးရက မိဘလား၊ ပြည်သူကမိဘလား" ခေါင်းစည်းကိုပဲ ယူပြီး စာအုပ်ထုတ်ပါတယ်။

ပြည်သူသာ မိဖ ဖြစ်တယ်

“အစိုးရကမိဘလား ပြည်သူကမိဘလား”  စာအုပ်ဟာ အစိုးရကမိဘလား ပြည်သူကမိဘလား ဆောင်းပါး အပါအဝင် တခြားဆောင်းပါးတွေကို စုပြီး ထုတ်ထားတဲ့ စာအုပ်ပေါ့။ "အစိုးရကမိဘလား ပြည်သူကမိဘလား" ဆောင်းပါးမှာ လူငယ်သတင်းသမားက ဆရာ့ဆီလာပြီး အစိုးရဟာ ပြည်သူကို ရင်ဝယ်သားသို့ ထားရမယ်ဆိုတဲ့စကား ဘဝင်မကျကြောင်း ပြောတာက စပါတယ်။ ဆရာက ဘုရင်ခေတ်က ရင်ဝယ်သားလို ထားမယ်ဆိုတာက အာဏာရှင်ဘုရင်မို့ ဒီလိုသုံးခဲ့တာပဲ။ အခု ဒီမိုကရေစီခေတ်ကတော့ အစိုးရကို လူထု ရွေးတင်တာဝန် ပေးထားတာလေ။ လူထုက မရွေးချယ်ရင် အစိုးရ ဖြစ်မလာဘူး။ လူထုက အစိုးရကို မွေးထုတ်ပေးလို့ လူထုကသာ အမိအဖ လို့ ပြောပါတယ်။ လူထုသာ အမိအဖပါ။

အမိအဖ လူထုရဲ့တာဝန်

ဒါကြောင့် လူထုဟာ ကိုယ်ကြိုက်တဲ့ အစိုးရကို ရွေးရမယ်။ ရအောင် ဖြစ်အောင်ကို လူထုကြိုက် အစိုးရကို ရွေးချယ် မွေးထုတ်ပေးဖို့ တာဝန်ရှိတယ်လို့ လူထုစိန်ဝင်းက ပြောခဲ့တယ်။ အခု နွေဦးတော်လှန်ရေးမှာ ဖြစ်လာနေတာတွေကလည်း လူထုစိန်ဝင်း ပြောကြားချက်တွေနဲ့ တထပ်တည်းပါ။ လူထုက နှစ်သက်ရာ အစိုးရကို အသည်းကြားက မဲပြားတွေနဲ့ တင်မြှောက်တယ်။ တခဲနက်။ ရလဒ်ကို စစ်တပ်က ခြေဖျက်တော့ တပြည်လုံး အုံကြွ ဆန္ဒပြကြတယ်။ လူပင်လယ်ကြီးတွေ ဖြစ်တယ်။ စစ်တပ်က သေနတ်တွေနဲ့ ပစ်သတ်ဖမ်းတော့ လူထုဟာ လက်နက်ကိုင်ရတော့တယ်။ လူထုလိုချင်တဲ့ အစိုးရကို ရိုးရိုးမွေးထုတ်လို့ မရတဲ့အဆုံး ဆရာဝန်စကားနဲ့ ပြောရရင် ခွဲမွေးကြတာပါပဲ။ လူထုစိန်ဝင်း စကား လူထုစိန်ဝင်း ရေးသားချက်တွေ မှန်လွန်းပေစွ။

လူထုစိန်ဝင်း

လူထုစိန်ဝင်း (၁၃ ဩဂုတ် ၁၉၄၀ – ၁၇ ဇွန် ၂၀၁၂)ဟာ စာရေးဆရာ၊ သတင်းစာဆရာ ဖြစ်တယ်။ လူမှုလှုပ်ရှားမှုများအကြောင်း စာပေလက်ရာတွေနဲ့ အစိုးရတွေကို ဆန့်ကျင်တွေကြောင့် သူ့ကို လူသိများတယ်။ သူဟာ ၂၀၀၈ ခုနှစ်နှောင်းပိုင်းမှာ စာရေးအများဆုံး စာရေးဆရာလို့ ဆိုကြတယ်။ လူထုစိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့ မန္တလေးမှာ မွေးခဲ့တယ်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) နဲ့ ရန်ကုန်တက္ကသိုလ်တို့မှာ ပညာ သင်ယူခဲ့တယ်။

လူထုစိန်ဝင်း ဖြစ်လာခြင်း

မန္တလေးက သတင်းစာဆရာကြီး လူထုမောင်သစ်လွင်က လူထုစိန်ဝင်းဟာ ကျောင်းသား ဘဝ ကတည်းက လူထုသတင်းစာတိုက်ကို ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင်ပေးခဲ့တာလို့ ဆိုပါတယ်။ ၁၉၆၂-ခုနှစ်ကစ အချိန်ပြည့် ဝန်ထမ်း ဝင်လုပ်ပြီး လူထုစိန်ဝင်း ဖြစ်လာခဲ့တယ်။ လူထုသတင်းစာတိုက် မန္တလေးနဲ့ ရန်ကုန်တိုက်ခွဲတွေမှာ အယ်ဒီတာအဖွဲ့ဝင်တာဝန်ယူခဲ့တာ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထုသတင်းစာတိုက် အပိတ်ခံရချိန်အထိပါ။ ၁၉၆၉-ခုနှစ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အဖမ်းခံရပြီး ကိုကိုးကျွန်း အပို့ခံခဲ့ရလို့ သည်။ ၁၉၇၂-နှစ်ကျမှ ပြန်လွတ်တယ်။ ဒါပေမဲ့ အခု ရွှေညဝါ ဆရာတော်တို့လို၊ စာရေးဆရာ မောင်သာချိုတို့လို ထောင်နဲ့ ကျွန်းကပါလာတဲ့ ဒဏ်တွေနဲ့ ၁၉၈ဝ-ပြည့်နှစ်မှာ လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်းသေသွားခဲ့တယ်။ ဒါပေမဲ့ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်နဲ့ စာရေးလေ့ကျင့်ပြီး စာတွေရေးခဲ့တယ်။ လူငယ်တွေအတွက် အင်္ဂလိပ် စကားပြော သင်တန်းတွေ ဖွင့်တယ်။

လူထုစိန်ဝင်း ကလောင်ခွဲ ၁၅ ခု စာအုပ် ၄၀ ကျော်

ဆရာ့က စာအုပ်ပေါင်း ၄၀ ကျော် ရေးခဲ့ပါတယ်။ ဝင်းဇော်၊ ဇာမဏီ စတဲ့ ကလောင် ခွဲပေါင်း ၁၅ ခုလောက်ရှိတယ်။ ပင်ကိုရေး စောမိုးခမ်း ဝတ္ထုဟာ သူရဲ့ လက်ရာကောင်းတခုပေါ့။ ဂျာနယ်၊ မဂ္ဂဇင်း အများအပြားမှာ သတင်းစာပညာ အကြောင်းအရာ မျိုးစုံကို အများဆုံး ရေးခဲ့သူပါ။ သူက သတင်းသမားတွေ မျိုးဆက်ပြတ်သွားမှာကို ကြောက်လို့ သတင်းစာပညာတွေအကြောင်း ရေးသားနေတာပါလို့ DVB ကို ပြောဖူးတယ်။ လူထုစိန်ဝင်းနဲ့ DVB အင်တာဗျူးတွေလည်း ယူကျုမှာ တင်ထားဆဲပါ။ ဆရာဟာ ၂၀၁၂ ဇွန်လ ၁၇ ရက်က ရွှေဂုံတိုင် SSC ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ ၇၁ နှစ်ရှိပါပြီ။

သတင်းစာဆရာကြီး လူထုစိန်ဝင်း ပညာသင်ဆု

လူထုစိန်ဝင်း ပညာသင်ဆုဟာ ဆယ်တန်းကို ထူးချွန်အောင်မြင်ပြီး ပညာဆက်မသင်နိုင်တဲ့ ကျောင်းသားတွေကို ရွေးချယ်ပေးအပ်နေတာပါ။ ဆရာကွယ်လွန်တဲ့ ၂၀၁၂ ခုနှစ်ကတည်းက စပြီး လူထုစိန်ဝင်း ပညာသင်ဆုကို ပေးခဲ့တာပါ။ တနှစ်ကို ၁၀ ဦးလောက် ရွေးချယ်ပေးအပ်နေပြီး ၂၀၂၁ အာဏာမသိမ်းခင်အထိ ကျောင်းသား ၁၀၀ နီးပါးလောက်ကို ထောက်ပံ့နိုင်ခဲ့တာပါ။ စစ်အာဏာသိမ်းပြီးကတည်းက ပညာသင်ဆု လုပ်ငန်းစဉ်တွေလည်း ရပ်နေပုံပါပဲ။ ဘာပဲဖြစ်ဖြစ် ဆရာကတော့ ဆယ်ကျော်သက်ကစပြီး လူထုသတင်းစာ ပညာသင်ဘဝကနေ မကွယ်လွန်မီအထိ စာပေလူငယ်ပညာပေး လူထု မျက်စိ နားတွေကို ဖွင့်သွားပေးခဲ့တဲ့ သတင်းစာဆရာကြီး တဦးအဖြစ် ထောင်အကျဉ်းစခန်းနဲ့ ကိုကိုးကျွန်းအထိ ကလောင်ထက်ထက် ခံယူချက်နဲ့ လေးလေးနက်နက် တော်လှန်တိုက်ပွဲဆင်နွှဲသွားသူပါ။

ဓမ္မနဲ့ အဓမ္မကြား Win Win အဖြေမရှိသူ လူထုစိန်ဝင်း

ဓမ္မနဲ့ အဓမ္မကြားမှာ Win Win အဖြေ မရှိနိုင်ဘူးလို့ လူထုစိန်ဝင်းဝတ္တုတို တပုဒ်ရေးခဲ့ပါတယ်။ ဗုဒ္ဓဝါဒနဲ့ ဒေဝဒတ်ဝါဒကြား ရန်ငါ မပြောကြေးလို့ လူထုစိန်ဝင်းက ဆိုခဲ့တာပါ။ လူတိုင်းကို မိတ်ဆွေ သဘောထားလို့ မရနိုင်ဘူးတဲ့။ ဓမ္မ အဖြူ အမှန် လူကောင်းတို့ကို မိတ်ဆွေလုပ် ဖက်တွယ်ကြရမယ်။ အဓမ္မ အမည်း အမှားလူဆိုးတို့ကို ရန်သူအဖြစ် ဖယ်ရှားပစ်ရမယ်လို့ သူက ရေးသားခဲ့ပါတယ်။ ဒီနေ့ နွေဦးတော်လှန်ရေးမှာလည်း စစ်အုပ်စု စစ်အာဏာရှင် အဓမ္မသမား အမှားတွေ ကျူးလွန်နေတဲ့ ရန်သူကို ဖယ်ရှားကြရမှာပါ။ ဒီတော့ နွေဦးတော်လှန်ရေးတိုက်ပွဲဝင် ပြည်သူတရပ်လုံးကလည်း ရန်သူ အဓမ္မသမား စစ်တပ်ကို ဖယ်ရှားနေချိန်မှာ လူထုစိန်ဝင်းရဲ့ သဘောထားတွေဟာလည်း ဒီနေ့အခြေအနေနဲ့ တထပ်တည်း ဖြစ်နေတာကို တွေ့ရမှာပါ။ လူထုစိန်ဝင်းရဲ့ စာတွေ သဘောထားတွေ ပြောကြားချက်တွေက နွေဦးတော်လှန်ရေးအတွက် လမ်းပြပေးနေပြီပေါ့။ ထူးဆန်းစွ။ မျိုးဆက်သစ်တို့ခင်ဗျာ။ ၂၀၂၅ ဩဂုတ် ၁၃ ရက်မှာ ၈၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ လူထုစိန်ဝင်းရဲ့ စာတွေကို ဖတ်ကြပါ။ လူထုစိန်ဝင်းရဲ့ ပြောကြားချက်တွေကို ရှာပြီး နားထောင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013