
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့မှာ ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းက မီးလောင်ခဲ့ပြီး နေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အထက်ပိုင်းရပ်ကွက်၊ မြခွာညိုလမ်း MOB ဘဏ်နားက အိမ်တလုံးမှာ မီးအားမြှင့်စက် အပူလွန်ကဲလို့ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး တခြားအိမ် ၃ လုံးကို ကူစက်ခဲ့တာလို့ ဆိုပါတယ်။
မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူ တယောက်က “မီးလောင်ခဲ့တဲ့အိမ်တွေကတော့ အစုံပဲ။ ဗို့အားမြှင့်စက်ရှောခ့်ဖြစ်ပြီး စတင်လောင်တာ။ ပျက်စီးအိမ်က ၄ လုံး။ လူတွေထိခိုက်တာ မရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဒေါ်ချိုချိုစန်းရဲ့နေအိမ်၊ ဒေါ်သန်းဦး၊ ဦးရဲမြင့်ဌေးနဲ့ တခြား အိမ်တလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်အမျိုးအစားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မီးလောင်မှုကြောင့် လူတွေထိခိုက်တာတော့မရှိပါဘူး။ အချိန်မီ မီးထိန်းနိုင်တာကြောင့်လည်းပါတာပေါ့။ မီးလောင်မှုနဲ့ ပတ်သက်လို့ အမျိုးသမီး တယောက်တော့ ရဲကဖမ်းထားတယ်” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကို အရန်မီးသတ်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် အင်အား စုစုပေါင်း ၄၅ ယောက်က မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး အသုံးပြုပြီး အရပ်သားတွေနဲ့ ပူးပေါင်းမီးငြှိမ်းသတ်တာမှာ ၃၅ မိနစ်ကြာလောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို အိမ်မဲမြို့နယ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့အမှုဖွင့် ထားတယ်လို့လည်း သိရပါတယ်။











