
ဩဂုတ် ၁၂ ရက်နဲ့ ၁၃ ရက်အတွင်း တရားမဝင်ကုန်သွယ်တဲ့ အမှုပေါင်း ၄၉ မှုထိ ရှိပြီး ဖမ်းဆီးရမိတဲ့ ပစ္စည်းတန်ဖိုးစုစုပေါင်းက ကျပ် ၄ ဒသမ ၄၈ ဘီလီယံ ကျော်ဖိုးထိ ရှိခဲ့တယ်လို့ ဩဂုတ် ၁၅ ရက်ထုတ် စစ်ကောင်စီ သတင်းစာမှာ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရန်ကုန်တိုင်းတို့ကနေ လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တွေ၊ တရားမဝင် ကုန်ပစ္စည်းတင် ရေယာဥ်နဲ့ မော်တော်ယာဉ်တွေ၊ သစ်မျိုးစုံလုပ်ငန်းသုံး၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
တရားမဝင်တင်သွင်းမှုတွေကြောင့် တရားဝင်ကုန်သည်တွေ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု လျော့နည်းသွားပြီး နိုင်ငံအတွက် အခွန်ဘဏ္ဍာလည်း ဆုံးရှုံးမှု ဖြစ်စေနိုင်တာကြောင့် တရားမဝင်ကုန်သွယ်မှုတွေကို ပိုမိုတင်းကျပ်ပြီး တိုက်ဖျက်သွားမယ်လို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ပြောကြားထားပါတယ်။
ဩဂုတ် ၁၂ ရက်က ပြုလုပ်တဲ့ စစ်ကော်မရှင် အစည်းအဝေးမှာလည်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုတွေ ရှိနေပြီး အဲဒီကုန်သွယ်မှုတွေကနေ လက်နက်ကိုင်အဖွဲ့တွေက ဝင်ငွေရရှိနေတာကြောင့် နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။










