
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်မှာ ဖမ်းဆီးထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ပျောက်ဆုံးတဲ့ကိစ္စ စစ်အာဏာရှင်လက်အောက်ခံ ရဲမှူးကျော်စွာဦးကို တပ်မ ၄၄ က စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကျိုက်ထို၊ သိမ်ဇရပ်နဲ့ ဘီးလင်းမြို့နယ်အတွင်းက ဖမ်းမိထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ပျောက်ဆုံးတဲ့ကိစ္စနဲ့ သြဂုတ် ၂၆ ရက်မှာ ကျိုက်ထိုမြို့နယ်ရဲစခန်းက ရဲမှူးကျော်စွာဦးကို စစ်အာဏာရှင်တပ် လက်အောက်ခံ တပ်မ ၄၄ က စစ်ဆေးနေတာလို့ မြို့ခံ လုပ်ငန်းရှင်တယောက်က DVB ကို ပြောပါတယ်။
“စစ်တပ်က ဖမ်းပြီး ရဲစခန်းမှာ သိမ်းထားတဲ့ တရားမဝင်ကုန်ပစ္စည်းတွေ ပျောက်လို့ ခရိုင်မှူးရော၊ မြို့နယ်မှူးရော တပ်မ ၄၄ က ခေါ်စစ်တာ၊ ခရိုင်မှူးအသံတော့ မကြားရဘူး၊ မြို့နယ်မှူးတော့ ပြောင်းသွားပြီ။”
တရားမဝင်ကုန်ပစ္စည်းတွေ ပျောက်ဆုံးတဲ့အတွက် တပ်မ ၄၄ က ဒုရဲမှူးကြီးလှဦးနဲ့အတူ ရဲမှူး ကျော်စွာဦးကို စစ်ဆေးပြီး ၅ ရက်အကြာမှာ မြို့နယ်မှူးနေရာကို ပြောင်းလဲခန့်ထားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“ရဲမှူး ကျော်စွာဦးကို စစ်တပ်က ဆက်ပြီး စစ်နေလား၊ နယ်ပြောင်းလိုက်လား ဆိုတာတော့ မသိဘူး။ ကျိုက်ထိုမြို့နယ်မှူး နေရာကို မုဒုံက ဒုရဲမှူးတယောက် ရာထူးတိုးနဲ့ ရောက်လာတယ်။”
ရဲမှူး ကျော်စွာဦး ဖမ်းဆီးစစ်ဆေးခံရပြီးနောက် တရားမဝင်ကုန်ပစ္စည်းကိစ္စမှာ ဆက်နွှယ်တဲ့ ဌာနဆိုင်ရာဝန်ထမ်း၊ ရဲဝန်ထမ်းနဲ့ မြို့ခံလုပ်ငန်းရှင်တချို့က ထပ်မံဖမ်းဆီးခံရမှာ စိုးရိမ်နေတယ်လို့ သူက ဆိုပါတယ်။
ဒီလိုစိုးရိမ်ကြတာဟာလည်း ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ် ၁၆ ရက်မှာ တပ်မ ၄၄ က ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်၊ ရဲတပ်သား ၄ ယောက်နဲ့ ဒေသခံ ၂ ယောက်ကို PDF တွေနဲ့ အဆက်အသွယ်ရှိတယ်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တဲ့ သာဓကရှိလို့ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ သြဂုတ်လအတွင်းက အဂတိမှု၊ လာဘ်စားမှု၊ မိန်းမရှုပ်တဲ့ ကိစ္စတွေကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ မော်လမြိုင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ခရိုင်အင်ဂျင်နီယာမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အင်ဂျင်နီယာမှူး ဦးဇင်မျိုးထက်ဇော်တို့ စစ်ဆေးခံခဲ့ရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူးမှာ ရဲမှူးမျိုးအောင် ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ရဲမှူးထွန်းဇော်ဦး၊ ရဲမှူးဇော်ဇော်၊ ရဲမှူးကျော်စွာဦး စသဖြင့် ပြောင်းလဲခန့်ထားခဲ့ပါတယ်။











