
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်အာဏာရှင်တပ်က အင်အားထောင်ချီနဲ့ မြေပြင်စစ်ကြောင်း ထိုးစစ်ဆင်နေပြီး ဒေသခံ ၃၀ လောက်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၃ ရက်ကစလို့ သိမ်ဇရပ်မြို့ဘက်ကတဆင့် ဝါးဒက်ကွင်း၊ ဇီးပြောင်းနဲ့ ကော်ကပ်ကျေးရွာ တို့ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နိုဝင်ဘာ ၅ ရက်မှာ ကော်ကပ်ရွာနားအထိ ရောက်လာ ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ လမ်းကြောင်းတလျှောက်မှာ ဒေသခံ ၅၀ လောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး အယောက် ၂၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်တဲ့ အယောက် ၃၀ လောက်ကိုတော့ ဓားစာခံ အဖြစ် ဆက်ဖမ်းထားတယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာ ရာဘာခြံလုပ်သားတွေ၊ ဥယျာဉ်ခြံလုပ်သားတွေနဲ့ ဒေသခံရွာသားတွေ ပါဝင်ပါတယ်။
စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နိုဝင်ဘာ ၃ ရက်ကစလို့ တိုက်ပွဲ တွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “လေယာဥ်က နေ့ဘက်ရော ညဘက်ပါကြဲနေတာ။ စစ်တပ်ဘက်က အင်အားထောင်ကျော်နဲ့ထိုးစစ်ဆင်နေလို့ ဒေသခံတွေထွက်ပြေးနေရတယ်” လို့ DVB ကို ပြောပါတယ်။
နိုဝင်ဘာ ၄ ရက်က ဇီးပြောင်း (၁) ကျေးရွာဘက်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ နှစ်ဖက်တပ်တွေ အပြန်အလှန် စစ်ရေးအရရင်ဆိုင်နေကြဆဲဖြစ်ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်တပ်ဘက်က အကျဆုံးများတယ်။ သူတို့က အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်တာကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်တာ”
ကျိုက်ထိုမြို့နယ်ထဲက အဲဒီဒေသတွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကစလို့ မကြာခဏ လေကြောင်းတိုက်ခိုက်ခဲ့သလို အခုလည်း စစ်ကြောင်းထိုးလာတာကြောင့် လမ်းကြောင်းတလျှောက် ကျေးရွာ ၂၀ ထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။











