DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ချင်းတောင်ကို စစ်မျက်နှာ ၄ ခုဖွင့်ပြီး ထိုးစစ်ဆင်နေ
DVB
·
October 22, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို စစ်မျက်နှာ ၄ ခုဖွင့်ပြီး စစ်အင်အား ထောင်နဲ့ချီသုံးကာ ၄ ကြိမ်မြောက် စစ်ကြောင်းထိုး တိုက်ခိုက်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ CPU/CPA  အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းယောမာန်က အောက်တိုဘာ ၂၁ ရက်မှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် အသိပေးထုတ်ပြန်လာပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၆ ခုနှစ် မေလလယ်ဝန်းကျင်ကတည်းက မကွေးတိုင်း ဆောမြို့နယ်က တဆင့် ကန်ပက်လက်မြို့နယ်ကို အင်အား ၆၀၀ ဝန်းကျင်နဲ့ ဦးတည် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို ပေါက်မြို့နယ် ကပစ ၂၄ က ရာနဲ့ချီတဲ့ စစ်ယာဉ်တန်းဟာ ကျောက်ထုမြို့နယ် အမတ ၃၆၈ မှာ အင်အားဖြည့်တင်းပြီး အဲဒီကတဆင့် အင်အား ၉၀၀ ဝန်းကျင်နဲ့ မင်းတပ်မြို့နယ်ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ကိုဆလိုင်းယောမာန်က ပြောပါတယ်။

စစ်အာဏာရှင်တပ်က မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို သိမ်းပိုက်နိုင်ဖို့ တပြိုင်နက်တည်း အနာခံ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေး မဟာမိတ်အင်အားစုတွေဘက်က အကောင်းဆုံး ခုခံကာကွယ်ပြီး မြို့တွေကို ကာကွယ်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီလို ပထမအကြိမ် ထိုးစစ်ဆင် အရေးနိမ့်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်ဟာ ဒုတိယအကြိမ် ထပ်မံအင်အားတွေ ဖြည့်တင်းပြီး ကပစ ၂၄ ကနေ မင်းတပ်နဲ့ ကန်ပက်လက် စစ်မျက်နှာတွေကို ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့လည်း မဟာမိတ်တပ်တွေက အကောင်းဆုံး ခုခံနိုင်ခဲ့လို့ မြို့တွေကို သိမ်းယူနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီနောက် ရှေ့ဆက်မတိုးနိုင်တဲ့ စစ်အာဏာရှင်တပ်ဟာ တတိယအကြိမ်အဖြစ် စစ်ကြောင်း နှစ်ကြောင်းနဲ့ ထပ်မံအင်အားဖြည့်တင်းပြီး ပထမစစ်ကြောင်းဟာ မင်းလှကတဆင့် လောင်းရှည်မြို့ကို ပို့ပြီး အဲဒီကတဆင့် ဆောမြို့ကို ပို့ဆောင်စဉ်မှာ NUG လက်အောက်ခံ PDF တပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် အကျအဆုံးများစွာနဲ့ လောင်းရှည်ကို ပြန်ဆုတ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယစစ်ကြောင်းဟာလည်း ပေါက် ကပစ ၂၄ ကနေ မကွေး-ချင်းပြည်အစပ်ရှိ ရွှေအောင်သာကျေးရွာကို ဦးတည်ပြီး စစ်ကြောင်းထိုးကာ ချင်းပြည်ကုန်သွယ်ရေးကို ပိတ်ဆို့နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ရွှေအောင်သာရွာကို မရောက်ခင်မှာ ယောဒေသကာကွယ်ရေးတပ်တွေ၊ CPA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဆီးကြိုတိုက်ခိုက်ခဲ့လို့ ရွှေအောင်သာကို မနိုင်ခဲ့ဘဲ လက်ရှိမှာ ကြည်းရွာမှာ တပ်စွဲထားကာ ကြည်းရွာနဲ့ ရွှေအောင်သာရွာကြားမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေဆဲလို့ ကိုဆလိုင်းယောမာန်က ပြောထားပါတယ်။

အဲဒီနောက် စတုတ္ထအကြိမ်အဖြစ် စလင်း-ကံပြားကတဆင့် စစ်ကား ၁၉၃ စီးနဲ့ လောင်းရှည်မြို့ကို အင်အားဖြည့်တင်းပြီး စက်တင်ဘာ ၂၆ ရက်မှာ ကျင်ဒွေးမြို့ကို ဦးတည် ထိုးစစ်ဆင်လာတဲ့အတွက် လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်ဟာ ချင်းပြည်တောင်ပိုင်းကို မင်းတပ်၊ ကန်ပက်လက်၊ ရွှေအောင်သာနဲ့ ကျင်ဒွေးဆိုပြီး စစ်မျက်နှာ ၄ ခုမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဟာ ၅ လဝန်းကျင် ကြာမြင့်လာပြီဖြစ်သလို ချင်းပြည်သူ့တပ်မတော်နဲ့ မဟာမိတ်တပ်တွေက စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို အထိနာအောင် အကောင်းဆုံး ခုခံထားနိုင်ဆဲလို့ ဆိုပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ မင်းတပ်၊ ကန်ပက်လက်၊ ရွှေအောင်သာ စစ်မျက်နှာတွေမှာ ရည်ရွယ်ရင်းကို မရောက်ဘဲ အထိနာ နောက်ဆုတ်အောင် တိုက်ထုတ်နိုင်ခဲ့သလို ကျင်ဒွေးစစ်မျက်နှာမှာလည်း ပြည်သူတွေ ဆက်လက်ပါဝင်ပူးပေါင်းကြပါက CPA နဲ့ မဟာမိတ်တပ်တွေက စစ်တပ်ရဲ့ ထိုးစစ်တွေကို ခုခံတိုက်ထုတ်နိုင်စွမ်း ရှိတယ်လို့ သူက ဆက်ပြောထားပါတယ်။

ချင်းပြည်တောင်ပိုင်းက မြေပြင်စစ်ပွဲတွေမှာ အောင်မြင်မှုရရှိနေတာနဲ့ ရဲဘော်တွေရဲ့ ကြံ့ကြံ့ခံ ခုခံစွမ်းအားတွေဟာ ပြည်သူတွေရဲ့ မေတ္တာ၊ စေတနာ၊ လုပ်အားနဲ့ နိုင်ငံတကာက ပြည်သူတွေရဲ့ ပါဝင်ပံ့ပိုးကူညီမှုတွေကြောင့်ဖြစ်ပြီး ဆက်လက်ပြီး စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေကို ရိုက်ချိုးနိုင်ဖို့ ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် ပါဝင်ပံ့ပိုးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ထိုးစစ်တွေဟာ စစ်အာဏာရှင်တပ်က တပ်ရင်းမှူးအဆင့်တွေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ကြရသလို လက်ရှိမှာ ချင်းပြည်တောင်ပိုင်းရဲ့ ထိုးစစ်တွေကို ချင်းပြည်သူ့တပ်မတော် (CPA)၊ အာရက္ခတပ်တော် (AA)၊ ယောဒေသကာကွယ်ရေးတပ်တွေနဲ့ မကွေးတိုင်းဘက်မှ NUG တပ်တွေက စုပေါင်းခုခံတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013