DVB Logo
Home
မြန်မာသတင်း
မြန်မာဘက်တရားမဝင် တင်ပို့မည် Apple တပတ်ရစ် ဖုန်းအလုံး ၁,၀၀၀ ထိုင်းအကောက်ခွန် သိမ်းဆည်း
DVB
·
October 20, 2026
Photo: Thai Customs
Photo: Thai Customs
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မြန်မာဘက်ခြမ်းကို တရားမ၀င် ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ Apple တပတ်ရစ်ဖုန်း အလုံး ၁,၀၀၀ ကို ထိုင်းအကောက်ခွန်ဌာနနဲ့ စစ်တပ်က ဖမ်းဆီး သိမ်းဆည်းခဲ့တယ်လို့ ထိုင်းအကောက်ခွန်ဦးစီးဌာနက အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။

ဒီဖုန်းတွေကို မဲဆောက် တဆိုင်လွတ်ဒေသနား သောင်ရင်းမြစ်ကမ်းတလျှောက် အောက်တိုဘာ ၁၇ ရက်က လုံခြုံရေးကင်းလှည့် စစ်ဆေးနေစဉ် Apple ဖုန်း အလုံး ၁,၀၀၀ ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

မဲဆောက် အကောက်ခွန် တာ၀န်ရှိသူတွေနဲ့ ရာဇမနုတပ်တို့ ပူးပေါင်းစစ်ဆေးရာ ဘတ် ၇ သန်း တန်ဖိုးရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ဒီတပတ်ရစ်ဖုန်းတွေကို နယ်စပ်ဖြတ်ကျော် မြန်မာဘက်ခြမ်း ပို့ဖို့ ပြင်ဆင်ထားပေးမဲ့ တရား၀င် တင်ပို့ခွင့် ရရှိထားတဲ့ အထောက်အထားတွေ မတွေ့သလို့ ဖုန်း၀ယ်ယူရောင်းချမှုဆိုင်ရာ စာရွက်စာတမ်း မရှိဘူးလို့ သိရပါတယ်။

ဖုန်းပိုင်ရှင် ဘယ်သူဆိုတာ မသိရသလို လာရောက် အတည်ပြုသူ မရှိတဲ့အတွက် ထိုင်းအကောက်ခွန်ဌာနက ဖုန်းအားလုံးကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားပြီး အကောက်ခွန်ဥပဒေအရ အရေးယူနိုင်ဖို့ တရားမဝင်ကုန်ပစ္စည်းတင်ပို့ရန် ကြိုးပမ်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

လက်ရှိမှာတော့ ဖုန်းပိုင်ရှင်နဲ့ တရားမဝင်ပို့ဆောင်မှုမှာ ပါဝင်ပတ်သက်သူတွေကို ဖမ်းဆီး ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

ထိုင်းအစိုးရဟာ မြန်မာနယ်စပ်တလျှောက် လူကုန်ကူးမှု၊ မူးယစ်ဆေး ရောင်း၀ယ်ပို့ဆောင်မှုတွေ၊ ကျားဖြန့်တွေ၊ အကောက်ခွန်ရှောင်ကုန်သွယ်မှုနဲ့ တရားမဝင်ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုတွေကို တားဆီးဖို့ နယ်စပ်လုံခြုံရေးစစ်ဆေးမှုတွေ တိုးမြှင့်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013