ထိုင်း-မြန်မာနယ်စပ် ကော့သောင်းတဖက်ခြမ်း ရနောင်းမြို့မှာ မြန်မာနိုင်ငံသားတယောက် ပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း ၅၀ ကျော်တန်ဖိုးရှိ လျှပ်စစ်ဆိုင်ရာ ကုန်ပစ္စည်းမျိုးစုံကို သိမ်းဆည်းရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ရနောင်းမြို့ရှိ ဂိုဒေါင် ၂ ခုထဲမှာ အကောက်ခွန်မဲ့လို့ ယူဆရတဲ့ လျှပ်စစ်ဆိုင်ရာကုန်ပစ္စည်း အမြောက်အမြား သိုလှောင်ထားကြောင်း သတင်းရလို့ ထိုင်းဝန်ကြီးချုပ် လည်းဖြစ်၊ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ နိုင်းအနုထင်းချန်းဝိရကွန်း ကိုယ်တိုင် တာဝန်ရှိသူတွေနဲ့ အတူ မေ ၁၀ ရက်က ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ရနောင်းမြို့ ဘန်လင်းရပ်ကွက်နဲ့ ချလိုမ်ဖရကစ်လမ်း လမ်းသွယ်တခုထဲရှိ ဂိုဒေါင်ထဲကနေ တရုတ်နိုင်ထုတ် made in china အမှတ်အသားပါ စက်ကြီး ၄ လုံး၊ Flat Freezer အအေးခံသေတ္တာ ၁၄၄ လုံး၊ GREE အဲကွန်း ၂,၅၅၅ လုံး၊ PVC ရေသွယ်ပိုက် ၄၀၁၉ ခွေ၊ စက်ရုံသုံးအဲယားကွန်းအကြီးစား GREE ၁၆ လုံး၊ ARRMAN လေဖိအားပေးစက်ပါ ဂျပ်ဖာ အခု ၁၀၀ ၊ QIANYAN မော်တာစက် ၂၁၅ လုံး၊ အဲယားကွန်းဆေးရည်ထည့်ပိုက် ၄၀၀၀ ခွေ၊ ကေဘယ်လ်ကြိုး ၄ ချောင်း၊ လျှပ်စစ်မီးကြိုး ၂၃၆ ခွေ၊ Yufeng 270 ကီလိုပါ sorbitol အရည်ဖျော်ဆေးရည် ၂၀၀ ပေပါ၊ လျှပ်စစ်မီးလုံး တပ်ဆင်ကိရိယာပါ ဂျပ်ဖာပေါင်း အထုပ် ၂၀၀၊ Made in myanmar အမှတ်အသားပါ ထုပ်ပိုးကိရိယာနဲ့ ကုန်ပစ္စည်း ၅၀, ၀၀၀ ဂျပ်ဖာ စုစုပေါင်းတန်ဖိုး ဘတ် ၅၀ သန်းခန့် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ပစ္စည်းတွေဟာ အလွန်များပြားတဲ့အတွက် ဝန်ကြီးချုပ်ကိုယ်တိုင် အံ့အားသင့်သွားရတယ်။ အခွန်ဆောင်ထားခြင်းရှိမရှိ ဆက်လက်စစ်ဆေးရမယ်၊ အခွန်ဆောင်ပြီးသော်မှ ရက်ပေါင်း ၃၀ အတွင်း နယ်စပ်ကို ပို့ရမယ်၊ ဒါပေမဲ့ သိုလှောင်ရက်လွန်နေပြီလို့ ယူဆရတယ်။ သတ်မှတ်ထားတဲ့ ကာလတွင်း နယ်စပ်ဖြတ်ကျော်ပို့ဆောင်ခြင်းမရှိက အဆိုပါပစ္စည်းတွေကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခွင့်ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဂိုဒေါင်ပိုင်ရှင်မှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ပစ္စည်းတွေ သိုလှောင်ဖို့ ငှါးရမ်းထားသူမှာတော့ အသက် ၂၂ နှစ်ရွယ် မြန်မာနိုင်ငံသားတယောက်ဖြစ်ပြီး လက်ရှိ ကော့သောင်းမြို့မှာ နေထိုင်တယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က ရနောင်းခရိုင် ရဲချုပ် နဲ့ တိုင်းဒေသ ၄ စစ်တပ်တာဝန်ရှိသူတွေက အဆိုပါဂိုဒေါင်ကို ကနဦးသွားရောက်စစ်ဆေးစဉ် မြန်မာဘက်ခြမ်းက ဖုန်းဝင်လာပြီး သူတို့ဟာ ရဲတပ်ဖွဲ့က အထက်လူကြီးတွေနဲ့ သိတယ်၊ ပြဿနာမဖြစ်ချင်ရင် အဲဒီနေရာကနေ ထွက်ခွာသွားဖို့ ခြိမ်းခြောက်ခံရတယ်။ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကို မမှုဘဲ မိမိတာဝန်ဝတ္တရားရှိသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားတဲ့ ခရိုင်ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ နယ်မြေခံအုပ်ချုပ်ရေး တာဝန်ရှိသူတွေကို ချီးကျူးကြောင်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။
Source: MGROnline










