
လက်ဘနွန်အစိုးရအနေနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် လက်ဘနွန်မှာ ဘယ်သူမှ အသက်ရှင်ကျန်မှာ မဟုတ်ဘူးလို့ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် နာအီးမ် ကက်ဆမ်က ဩဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
“လက်ဘနွန်အစိုးရဟာ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် အပြည့်အဝ တာဝန်ရှိပါတယ်။ မတည်ငြိမ်မှုတွေကို ကျွန်ုပ်တို့ မလိုလား ပေမဲ့ အဲဒါကိုဖြစ်အောင်လုပ်နေတဲ့ တခြားသူတွေ ရှိနေပါတယ်။ ဘယ်လို နိုင်ငံတွင်း ပြိုလဲမှုတွေနဲ့ လက်ဘနွန်နိုင်ငံကို ပျက်စီးခြင်း မှန်သမျှအတွက် လက်ဘနွန်အစိုးရမှာ တာဝန်ရှိပါတယ်”လို့ နာအီးမ် ကက်ဆမ် က ပြောပါတယ်။
“အဲလိုမဟုတ်ဘဲ တခြားဘက်မှာ ရပ်တည်ပြီးတော့ ဟစ်ဇ်ဘိုလာကို ထိပ်တိုက်ရင်ဆိုင်ပြီး ချေမှုန်းဖို့ ကြိုးစားမယ် ဆိုရင်တော့ လက်ဘနွန်မှာ ဘာမှကျန်တော့မှာ မဟုတ်ဘူး။ မဏ္ဍိုင်တွေအားလုံးမရှိဘဲ လက်ဘနွန်ကို မတည်ဆောက်နိုင်ပါဘူး”လို့လည်း နာအီးမ် ကက်ဆမ်က ဆိုပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့နဲ့သူ့ရဲ့ ရှီယိုက်မွတ်စလင် မဟာမိတ်ဖြစ်တဲ့ အာမယ်လ်အဖွဲ့တို့ဟာ လက်ဘနွန်အစိုးရနဲ့ ဆွေးနွေးနိုင်မယ့် အခွင့်အလမ်း ရှိနေတုန်းလို့ ယုံကြည်နေသေးတာကြောင့် အမေရိကန် ကျောထောက်နောက်ခံပြု လက်နက် ဖျက်သိမ်းရေး အစီအစဉ်ကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကက်ဆမ်က ပြောပါတယ်။
ဒါပေမဲ့ နောက်လာမယ့် လမ်းမတွေပေါ်မှာ ဆန္ဒပြပွဲတွေက လက်ဘနွန်တခွင် ပျံ့နှံ့သွားပြီး အမေရိကန်သံရုံးအထိ ရောက်သွားနိုင်တယ်လို့လည်း ပြောသွားပါတယ်။
Source:Reuters










