
လန်ဒန်စီးတီး လိုင်းယွန်နက်စ် အမျိုးသမီးအသင်းဟာ Nike နဲ့ စံချိန်တင် ဂျာစီ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ပါတယ်။
အသင်းပိုင်ရှင် မီရှဲလ်ကန်းက သူတို့ရဲ့စာချုပ်က အမျိုးသမီးဘောလုံးလောကမှာ စံချိန်တင် အကြီးမားဆုံးစာချုပ် ဖြစ်တယ်လို့ ပြောလိုက်ပြီး ပရီးမီးယားလိဂ် အမျိုးသားအသင်းတချို့ရဲ့ လစာထက်တောင် ပိုမိုများပြားတယ်လို့ အတည်ပြုပြောပါတယ်။
လက်ရှိ အမျိုးသမီးအသင်း စံချိန်မှာ အမေရိကန် NWSL ကလပ် အတ္တလန်တာအသင်းရဲ့ ဒေါ်လာ ၄ သန်း (ပေါင် ၂ ဒသမ ၉၆ သန်း) စာချုပ် ဖြစ်ပေမဲ့ လန်ဒန်စီးတီးရဲ့ စာချုပ်တန်ဖိုးက အဲဒီထက် ပိုများမယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ လန်ဒန်စီးတီးအသင်းဟာ ဘာစီလိုနာက ဘလွန်းဒီအောဆု ၂ ကြိမ်ရ အဲလက်ရှား ပူတဲလားစ် အပါအဝင် မေရီအားပ်စ် စတဲ့ နာမည်ကြီး ကစားသမားတွေကိုလည်း အပြိုင်အဆိုင် ခေါ်ယူထားတဲ့အသင်း ဖြစ်ပါတယ်။
သူတို့ဟာ လိဂ်ပွဲဦးထွက်အဖြင့် မန်ချက်စတာယူနိုက်တက် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။











