DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် အခမဲ့ ကျောင်းနေ့လယ်စာ စားပြီး လူ ၃၆၀ ကျော် အစာအဆိပ်သင့်
DVB
·
August 15, 2025
အင်ဒိုနီးရှားတွင် အခမဲ့ ကျောင်းနေ့လယ်စာ စားပြီး လူ ၃၆၀ ကျော် အစာအဆိပ်သင့်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားအလယ်ပိုင်းရှိ စရာ့ဂန်မြို့မှာ အခမဲ့ ကျောင်းနေ့လယ်စာ စားသုံးပြီးနောက် လူ ၃၆၀ ကျော် အစာအဆိပ်သင့်ခံရကာ နေထိုင်မကောင်း ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူတယောက်က သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ နိုင်ငံတော်သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ အခမဲ့ကျွေးမွေးမှု အထင်ကရ အစီအစဉ်ကို ထိခိုက်စေတဲ့ အကြီးမားဆုံး အစာအဆိပ်သင့်မှုလည်း ဖြစ်ပါတယ်။

လူပေါင်း ၃၆၅ ယောက် ဖျားနာခဲ့ပြီး အစားအသောက်နမူနာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးထားကြောင်း စရာ့ဂန်မြို့ အစိုးရအကြီးအကဲ ဆီဂစ် ပါ့မွန်ကာ့စ်က ရိုက်တာသတင်းဌာနကို ပြောပြီး လိုအပ်ရင် အစိုးရက ဆေးကုသစရိတ်ပေးမယ်လို့ ဆိုပါတယ်။

ဂမိုလောင်း-၁ အလယ်တန်းကျောင်းက အသက် ၁၄ နှစ်ရှိ ကျောင်းသား ဝစ်ဇ်ဒန်ရိဒို အဘိမန်ယုက သူ့ဝမ်းဗိုက်ထဲမှာ ခပ်စူးစူးနာကျင်မှုကြောင့် ညဘက်မှာ နိုးလာတယ်လို့ ရိုက်တာကို ပြောပါတယ်။

သူဟာ ခေါင်းကိုက်ပြီး ဝမ်းပျက်ခဲ့ကာ ကျောင်းနေဖက်တွေရဲ့ ဆိုရှယ်မီဒီယာမှာလည်း အလားတူ ခံစားရကြောင်း ပို့စ်တွေကို မြင်ခဲ့ပြီးနောက်မှာတော့ အစာအဆိပ်သင့်တယ်လို့ တွက်ဆထားပါတယ်။

သူတို့ထဲက အသက် ၁၃ နှစ်အရွယ် လာဘီဘာ ဖာထင် မာဇူးကို့ ကလည်း သူ့ဗိုက် ပေါက်ထွက်သလို ခံစားရတယ်လို့ ပြောပါတယ်။

မသန့်ပြန့်ဘူးလို့ ပြောနိုင်တဲ့ နေ့လယ်စာထဲမှာ ဆနွင်းထမင်းဝါ၊ ကြက်ဥကြော်ညှပ်၊ ပဲပြားကြော်၊ သခွားသီးနဲ့ ဆလတ်ရွက်သုပ်၊ ပန်းသီးစိပ်နဲ့ နွားနို့တဘူးတို့ ပါဝင်ပြီး အဲဒီထမင်းဟင်းတွေကို ဗဟိုမီးဖိုချောင်ကြီးမှာ ချက်ပြုတ်ပြီးတော့ ကျောင်းအများအပြားကို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို ကြီးကြပ်တဲ့ အစိုးရရဲ့ အမျိုးသားအာဟာရ အေဂျင်စီဟာ အရင်တခါ အစာအဆိပ်သင့်မှု ဖြစ်ပွားပြီးနောက်မှာ မီးဖိုချောင်လုပ်ငန်းတွေနဲ့ အစားအစာပေးပို့ခြင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို မြှင့်တင်ခဲ့တယ်လို့ အေဂျင်စီအကြီးအကဲ ဒါဒန်း ဟင်ဒါယနာက ရိုက်တာကို ပြောပါတယ်။

အခုချိန်ထိ အခမဲ့ အစားအသောက် အစီအစဉ်ကို လက်ခံသူ အရေအတွက်ဟာ ၁၅ သန်းကျော်အထိ မြန်မြန်ဆန်ဆန် များပြားလာခဲ့ပါတယ်။

အခုနှစ်ကုန်မှာ လူပေါင်း ၈၃ သန်းအထိ ရောက်ရှိလာဖို့ အာဏာပိုင်တွေက စီစဉ်ထားပြီး အခုနှစ်အတွက် စုစုပေါင်းကုန်ကျစရိတ် ရူပီယာ ၁၇၁ ထရီလီယံ (ဒေါ်လာ ၁၀ ဒသမ ၆၂ ဘီလီယံ) ဘတ်ဂျက်လျာထားပါတယ်။

မေလတုန်းက အနောက်ဂျာဗားက အစာအဆိပ်သင့်မှုတခုမှာ ကျောင်းသား ၂၀၀ ကျော် နာမကျန်းဖြစ်ခဲ့ပြီး အစားအသောက်တွေထဲမှာ ဆယ်လ်မိုနယ်လာနဲ့ အီကိုလိုင် ဘက်တီးရီးယားတွေ ပျံ့နှံ့နေတာကို ဓာတ်ခွဲခန်းမှာ တွေ့ရှိခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013