DVB Logo
Home
မြန်မာသတင်း
မြင်းခြံနယ်ကိုထိန်းချုပ်ရန် စစ်တပ်က ပျူစောထီးများကို အသေခံတိုက်ခိုင်း
DVB
·
August 15, 2025
မြင်းခြံနယ်ကိုထိန်းချုပ်ရန် စစ်တပ်က ပျူစောထီးများကို အသေခံတိုက်ခိုင်း
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံနယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ပျူစောထီးတွေကို အသေခံ တိုက်ခိုင်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဇူလိုင် ၃၁ ရက်ကစပြီး စစ်တပ်နဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့က စုစုပေါင်း တပ်သားအင်အား ၇၀၀ ဝန်းကျင်အထိ အသုံးပြုပြီး မန္တလေးတိုင်း၊ မြင်းမြို့ ပတ်ပတ်လည်ကို ထိန်းဖို့ ကြိုးစားနေတာပါ။

စစ်တပ်နဲ့ ပျူစောထီးတွေက မြင်းခြံမြို့နယ်၊ အရှေ့နဲ့ အရှေ့တောင်ဘက်က ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဩဂုတ် ၁ ရက်မှာ မြင်းခြံနယ်၊ နတ်ထားကျေးရွာက ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတခု၊ ဩဂုတ် ၇ ရက်နေ့မှာ မြင်းခြံမြို့နယ်၊ စံပြကျေးရွာနဲ့ သမုန်းကိုင်းကျေးရွာတွေက ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်း ၂ ခုတို့ အပါအဝင် ဩဂုတ် ၁ ရက်ကနေ ၁၄ ရက်အထိ တိုက်ပွဲတွေအတွင်း ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်း ၅ ခုထက်မနည်း လက်လွှတ်ထားရတယ်လို့ မြင်းခြံ Black Tiger အဖွဲ့ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

“လက်ရှိ လောလောဆယ်အနေအထားမှာ စစ်ရေးက တင်းမာနေဆဲပါ။ တိုက်ပွဲက ဘယ်နှကြိမ်လဲဆိုတော့ အဲဒီလိုမျိုးတော့ မပြောတတ်တော့ဘူး။ တိုက်ပွဲက တော်တော်လေး အကြိမ်ရေများတယ်ဗျ။ စစ်ကောင်စီကတော့ စောနက ကျနော်ပြောသလိုပေါ့နော်၊ သာလွန်အင်အား သုံးတယ်၊ အသေခံတက်တာတွေရှိတယ်၊ ပျူစောထီးတွေဆိုလို့ရှိရင် အရှေ့ကနေ ထိုးကျွေးတယ်ပေါ့နော်။ ပြီးမှ နောက်ကနေ စစ်သားတွေ ရဲတွေ လိုက်တာများတယ်။ ပထမဦးဆုံးတော့ ရဲကွန်မန်ဒို၊ စစ်သားကွန်မန်ဒိုတွေပေါ့နော်။ သူတို့တက်ကြတယ်။ ဒါပေမဲ့ သူတို့ တပ်ဦး ၂ ခါလန်သွားတဲ့အတွက်ကြောင့်မို့ သူတို့ မတက်ရဲတော့ဘူးပေါ့နော်။ နောက်ကျတော့ သူတို့ ဗျူဟာတမျိုး ပြန်ပြောင်းသွားတယ်လို့ ကျနော်မြင်တယ်။ ရှေ့တည့်တည့်က မတိုးတော့ဘဲနဲ့ ဘေးတွေက ပတ်ပြီးတော့ အခြားဘက်၊ နောက်ကျောကနေ ပြန်ဝိုက်တာမျိုးတို့ အဲဒီလိုမျိုးတွေ ပြန်ပြီးတော့ ဗျူဟာသုံးလာတာတော့ မြင်ရတယ်ဗျ။”

စစ်တပ်က မန္တလေးတိုင်း မြင်းခြံ၊ နွားထိုးကြီး၊ မတ္တရာနယ်တွေကို ဇူလိုင်လကုန်ပိုင်းကတည်းက ဖိအားပေး တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

မတ္တရာနယ်အစပ် ပုသိမ်ကြီးနယ်ထဲက မြကန်သာနဲ့ သရက်ကိုင်းရွာတွေက စစ်တပ် အထိုင်စခန်းတွေကို ဇူလိုင် ၂၀ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွေမှာ ကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။

မတ္တရာနယ်ထဲက ထန်းပင်ကုန်းရွာ စစ်ကောင်စီစခန်းကိုလည်း ကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီက စခန်းတွေကို ပြန်သိမ်းဖို့ နည်းလမ်းစုံနဲ့ ဖိအားပေး တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မတ္တရာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးတိုးက “နေ့တိုင်း မိုးခြိမ်းသံတွေ ကြားနေရတယ်၊ တဒုန်းဒုန်း တဂျိမ်းဂျိမ်းနဲ့။ ဒီ ဩဂုတ်လ ၁ ရက်နေ့ကစပြီးတော့ ၇ ရက်နေ့အထိ တရက်မှ ကျည်မပေါက်တဲ့ရက် မရှိဘူး။ ထန်းပင်ကုန်းရွာဘက်ကို (--)ကြောင်းပြန်ပြီးတော့ ထိုးတာရှိတယ်။ ထိုးလိုက် လန်ကျသွားလိုက်နဲ့ ထန်းပင်ကုန်းဘက်ကို ဝင်နေတာရှိတယ်။ အဲဒီကထွက်လာတဲ့ ၇ ရက်ဆက်တိုက် အသံတွေက နားတွေပါငြီးလာတယ်။ အဲဒီဒေသက ကျေးရွာသားတွေက စစ်ရှောင်နေတာ ၁ နှစ်ကျော်သွားပြီလေ၊ အဲဒီမှာ ရွာသားတွေမရှိဘူးရယ်။ ထန်းပင်ကုန်း၊ ကြားရွာ၊ လက်ဝဲကြီး၊ ကျောက်တံတား၊ လမိုင်း၊ စာတိုက်တကာ၊ အဲဒီဘက်က ကျေးရွာသူ ရွာသားတွေက ၁ နှစ်ကျော်ပြီ စစ်ရှောင်နေရတာ။ မရှိဘူးရယ် ကျေးရွာသားတွေ” လို့ ပြောပါတယ်။

စစ်တပ်ကဖိအားပေး တိုက်ခိုက်တာတွေ ရှိခဲ့သလို ဩဂုတ် ၉ ရက် မနက်ပိုင်းမှာ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က အချိန် ၈ နာရီကြာခဲ့တဲ့ တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ သုံးပြီး စခန်းကို ထိန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မြင်းခြံနယ် နတ်ထား၊ သမုန်းကိုင်း၊ ကျောက်ယံ၊ ကံဆင်၊ ဗလုံ၊ ဖုန်ရွာ၊ ဖောင်းကား၊ တံစိုး၊ ညောင်ပင်၊ ရသာ ကျေးရွာတွေ အပါအဝင် ရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013