
DVB
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ ဩဂုတ် ၁၂ ရက်က LGBT စုံတွဲတတွဲ ရေထဲခုန်ချ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မင်းပြားနဲ့ မြေပုံမြို့ကို ဆက်သွယ်သွားတဲ့ ကားလမ်းပေါ်ရှိ ကြပ်စင်တံတားပေါ်ကနေ ဩဂုတ် ၁၂ ရက် ညနေ ၅ နာရီခန့်မှာ ရေထဲခုန်ချ အဆုံးစီရင်ခဲ့ကြတာ ဖြစ်တယ်လို့ မင်းပြားမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“LGBT စုံတွဲတတွဲ ရေထဲခုန်ချသွားတာကို မြင်လိုက်တဲ့ အမျိုးသားက DLEPS ကိုသွားတာ၊ ပြီးမှ အဆုံးစီရင်သွားတာကို သိလိုက်တာ။ မြင်လိုက်တဲ့ အမျိုးသားကလည်း သက်ကြီးပိုင်းဆိုတော့ မကယ်နိုင်လိုက်ဘူး။ သူတို့စုံတွဲမှာ ဘယ်လိုဖိအားတွေရှိနေလို့ အဆုံးစီရင်သွားတယ် ဆိုတာတော့ မသိတော့ဘူး။ လောလောဆယ်တော့ ဒေသခံတွေနဲ့ DLEPS တွေက ရှာဖွေနေကြတယ်။”
ရေထဲခုန်ချပြီး သေဆုံးသွားသူတွေမှာ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်က ခင်မိုးသန်း (၂၂ နှစ်) နဲ့ ပေါက်တောမြို့နယ်၊ ယင်ရဲကန်ကျေးရွာက ရီရီသန်း (၂၃ နှစ်) တို့ ဖြစ်ပါတယ်။
DLEPS တပ်ဖွဲ့က စုံစမ်းစစ်ဆေးချက်တွေအရ သူတို့ ၂ ယောက် သေဆုံးခဲ့ကြတဲ့ ကြပ်စင်တံတားပေါ်မှာ “မနဲ့မောင် ဘဝအဆက်ဆက် ဆုံရပါစေ” လို့ ရေးသားထားခဲ့တဲ့စာကို တွေ့ရှိရသလို ခင်မိုးသန်းရဲ့ နေအိမ်မှာလည်း နှုတ်ဆက်စာတွေ တွေ့ရှိရတယ်လို့ သိရပါတယ်။
မင်းပြားမြို့နယ်အတွင်း LGBT စုံတွဲ သေဆုံးမှု ဖြစ်ပွားရတာဟာ မိသားစုနဲ့ ပတ်ဝန်းကျင်တွေရဲ့ ဖိအားတွေကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင်ပြည်တွင်း LGBT အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
“ကျနော်တို့နိုင်ငံမှာက LGBT ဆိုရင် လူတွေက ရှုတ်ချကြတယ်။ တချို့မိသားစုတွေက လက်ခံကြပေမဲ့လည်း အများစုက လက်မခံကြဘူး။ ပတ်ဝန်းကျင်ကလည်း အဲလိုပါပဲ၊ LGBT တွေဆိုရင် ကဲ့ရဲ့တာတို့ အမြဲလုပ်ကြတယ်။ အထူးသဖြင့် ရှေးရိုးစွဲဝါဒတွေ ဖျောက်ကြပြီး လူသားတို့ရဲ့ ဖြစ်တည်မှုကို အကောင်းဆုံး လက်ခံပေးကြဖို့ လိုတယ်။”
မြန်မာနိုင်ငံမှာ တရားဥပဒေအရလည်း လိင်တူလက်ထပ်တာကို ပိတ်ပင်ထားဆဲဖြစ်ပြီး လူမှုအသိုင်းအဝန်းတွေမှာလည်း ရှုတ်ချမှုတွေ မြင့်တက်နေကြဆဲ ဖြစ်ပါတယ်။
ဥရောပနဲ့ အနောက်တိုင်းနိုင်ငံတချို့မှာ လိင်တူလက်ထပ်တာကို တရားဝင် ခွင့်ပြုထားတာတွေရှိပြီး သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း ဥပဒေအရ ကာကွယ်ထားတာတွေ ရှိပါတယ်။










