DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအမီ နေရပ်ပြန်လာကြရန် ကရင်နီဒေသခံများကို စစ်တပ်က စည်းရုံးနေ
DVB
·
August 14, 2025
ရွေးကောက်ပွဲအမီ နေရပ်ပြန်လာကြရန် ကရင်နီဒေသခံများကို စစ်တပ်က စည်းရုံးနေ
Donate to DVB

ကရင်နီ (ကယားပြည်နယ်)ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ လမ်းတလျှောက် ကျေးရွာတွေမှာ ရွေးကောက်ပွဲကာလအမီ နေအိမ်တွေကို ပြန်လာနေကြဖို့နဲ့ မလာရင် နေအိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းမယ်ဆိုပြီး  ရွာသားတွေကို ခြိမ်းခြောက် စည်းရုံးနေပါတယ်။

မိုးဗြဲကို ပြန်ရပြီးတဲ့နောက် ငွေတောင်ဆည်မှာ အင်အားဖြည့်နေတဲ့ စစ်တပ်ဟာ ဒီရက်ပိုင်း ဒီးမော့ဆိုမြို့ အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာနေသလို ဘုရားနီဘက်က တက်လာတဲ့ စစ်ကြောင်းကလည်း အနီးနား ကျေးရွာတွေမှာ ရွေးကောက်ပွဲကာလအမီ နေအိမ်တွေကို ပြန်လာနေကြဖို့ စည်းရုံးနေတာလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ဒေသခံတယောက်က “ပြီးခဲ့တဲ့ လတ်တလောကပဲ ဘုရားနီဘက်မှာ စစ်သားက မြန်တယ်၊ သူတို့က ဘယ်လိုဝင်လာလဲ မသိဘူး။ ဝင်တော့ သူတို့က ပြည်သူတွေကို မဲကာလနဲ့နီးတော့ သူတို့ ပြန်ပြီးတော့ စည်းရုံးရေးဝင်တဲ့ပုံစံ ထင်တယ်။ ပြည်သူပေါ်မှာ သဘောကောင်းဟန်ဆောင်မှုတွေ ရှိလာတယ်။ အရင်လို ဖမ်းတာတွေ ဘာတွေ မလုပ်ဘဲနဲ့ ချိုချိုသာသာနဲ့ စစ်ကြောင်းထိုးတဲ့ အချိန်ပေါ့လေ။ စစ်ကြောင်းမရှိတဲ့အချိန် ပြည်သူတွေကို ပြန်စည်းရုံးတာမျိုးတွေ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က အခုလို စည်းရုံးနေပေမဲ့လည်း အရပ်သားတွေရှိတဲ့ နေရာကို ဒရုန်းချတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကတော့ အရှိန်မလျော့သွားသေးပါဘူး။

မြို့တော် လွိုင်ကော်မှာလည်း အခုလို စည်းရုံး နေတာမျိုးတွေ ထပ်လုပ်နေတယ်လို့လည်း လွိုင်ကော်ဒေသခံက ဆက်ပြောပြပါတယ်။

၁၁၁၁ စစ်ဆင်ရေးအပြီး လွိုင်ကော်မှာ လူပြန်မနေတဲ့ရပ်ကွက်တွေ ရှိနေပါသေးတယ်။ နောင်ယား (က)၊ နောင်ယား (ခ)၊ မိုင်းလုံး၊ ထေးသမရပ်ကွက်နဲ့ ဒေါဥခူ ရပ်ကွက်တွေမှာ ဒေသခံတွေ ပြန်နေထိုင်ဖို့ စစ်တပ်က အသိပေးထားပြီး ပြန်မနေတဲ့ အိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းယူမယ်လို့ ဆိုပါတယ်။

လွိုင်ကော်ဒေသခံတယောက်က “အဲဒါ သူတို့ပြောတယ် ပြန်မလာနေတဲ့ အိမ်တွေကို သူတို့ ချိပ်ပိတ်မယ်ပေါ့။ ပြီးတော့ သူခိုးပေါတာလည်း ပြောချင်တယ်။ လွိုင်ကော်မြို့မှာ သူခိုးပေါတာလည်း တချက်၊ ဒီအရေးအခင်းသာ မအောင်ခဲ့ရင်တော့ အရင်ခေတ်ထက် ပိုဆိုးမလားမသိဘူး။ ပြီးတော့ စစ်မှုထမ်းခေါ်တဲ့ အဖွဲ့ကလည်း ပိုက်ဆံရှိတဲ့သူဆို ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတယ်။ မရှိတဲ့သူဆို ပါသွားတယ်။ ဒီဘက် စစ်ကြောင်းထိုးနေတော့ ဒီဘက်ကို ပို့တာလားဆိုတော့ မပို့ဘူး။ ဥပမာတခု ရှမ်းပြည်နယ်မှာ ဖမ်းမိတဲ့သူတွေကို ကယားပြည်နယ်ပို့တယ်၊ ကယားပြည်ကခေါ်တဲ့အဖွဲ့ကို ရှမ်းပြည်ပို့တယ်၊ အဲလိုပုံစံတွေ ရှိတယ် မြို့ပေါ်မှာ” လို့ ပြောပါတယ်။

လက်ရှိ ကရင်နီမှာ စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ တနေရာပြီးတနေရာ စစ်ရှောင်နေရဆဲပါ။

နန်းမယ်ခုံမြို့နယ်ထဲက ဒေသခံ ၁၀,၀၀၀ ကျော်ကလည်း ပြီးခဲ့တဲ့လမှာပဲ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသလို ငွေတောင်ဆည်ကနေ တက်လာတဲ့ စစ်ကြောင်းကြောင့် ကုန်းသာကျေးရွာ၊ ဒေါငံခါးရွာ နှစ်ရွာလုံး ရွာလုံးကျွတ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

အခုလို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ စည်းရုံးရေးကို ဒေသခံတွေကတော့ အယုံအကြည်မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတယောက်က “ပြန်လာနေဖို့ စည်းရုံးတာမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ပြည်သူတွေက ကြောက်စိတ်နဲ့၊ နောက်ပြီးတော့ ဒီလောက်ရောက်နေပြီပဲ။ သူများသားသမီးတွေ ဆုံးရှုံးနေတာလည်း မနည်းတော့ဘူးလေ။ သူတို့စည်းရုံးတဲ့ဘက် လိုက်ဖို့ဆိုတာ နည်းပါတယ်။ ဆယ်ပုံ တပုံ ဖြစ်ချင်ဖြစ်မှာပေါ့” လို့ ပြောပါတယ်။

လက်ရှိ မြေပြင် စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ကားလမ်းတွေကို ပြည်သူတွေ အသုံးမပြုဖို့ KNDF ဘက်က သတိပေး ထုတ်ပြန်ထားပါတယ်။

ထိုးစစ်တွေကြောင့် ဖယ်ခုံအင်း အရှေ့ခြမ်းဘက်မှာလည်း စစ်ရှောင်ထောင်နဲ့ချီ ပိတ်မိနေလို့ ဒီရက်ပိုင်း ကယ်ဆယ်ရေးသမားတွေနဲ့ ရဲဘော်တွေ ကယ်ထုတ်နေရဆဲ ဖြစ်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013