
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးသွားတဲ့ ဒေသခံတယောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက်နေ အမျိုးသားတယောက်ကို စစ်တပ်က ဩဂုတ် ၉ ရက်မှာ AA တပ်ဖွဲ့ဝင်လို့ စွပ်စွဲ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဩဂုတ် ၁၂ ရက်မှာ သူ့ရဲ့ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့ မိသားစုဝင်တွေကို လာရောက်အသိပေးခဲ့တာလို့ မြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့ကို AA တပ်ဖွဲ့ဝင်လို့ စွပ်စွဲပြီးတော့ စစ်ကောင်စီက ဖမ်းဆီးသွားတာ။ ဖမ်းဆီးသွားပြီး ၃ ရက်အကြာမှာ သူသေသွားပြီး သင်္ဂြိုဟ်ချင်ရင် သင်္ချိုင်းလာခဲ့ဆိုပြီး မိသားစုဝင်တွေကို လာအသိပေးတာ။ အလောင်းကို မိသားစုဝင်တွေကို အပ်နှံတာမဟုတ်ဘူး။ ချက်ချင်း သင်္ဂြိုဟ်လိုက်ရတာ။ သူက သာမန်ပြည်သူ ဆင်းရဲသားတဦးပဲ၊ AA လည်းမဟုတ်ဘူး။”
စစ်တွေမြို့နယ်မှာ စစ်တပ်က လူဖမ်းဆီးတာတွေ လအနည်းငယ် ရပ်တန့်နေရာကနေ အခု ဩဂုတ်လမှာ ပြန်လည်ဖမ်းဆီးလာတာဖြစ်ပြီး အရပ်သား ၁၀ ယောက်ထက်မနည်း ဖမ်းဆီးခံထားကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်တွေမြို့တွင်းမှာ စစ်တပ်က ညအချိန် စစ်ကားတွေနဲ့ သွားလာတာတွေ အရင်ထက် များလာပြီး စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတယ်လို့ နောက်ထပ် စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“စစ်တွေမှာ ဒီလပိုင်းအတွင်း ညအချိန်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လှုပ်လှုပ်ရှားရှား ပြုလုပ်လာတာတွေ ရှိတယ်။ အထူးသဖြင့် ဧည့်စာရင်းဝင်စစ်တာတွေ၊ အရပ်သားတွေကို ဖမ်းဆီးတာတွေကို ပြုလုပ်လာနေတာတွေ ရှိလာတယ်။ စစ်ကောင်စီဘက်ကတော့ အင်အားဖြည့်တင်းတာတွေပါ ပြုလုပ်နေတာ ရှိတယ်။”
ဖမ်းဆီးမှုကြောင့် သေဆုံးသွားသူမှာ ဦးစုလှိုင် ၄၅ နှစ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာတွေပါ ရှိတယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ စစ်တပ်က မြို့အဝင်အထွက်တွေ အားလုံးကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပြီး မြို့အဝင်အထွက်တွေမှာ လုံခြုံရေးကို တိုးမြင့်ထားပါတယ်။
စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်မြို့နယ် တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ နှစ်ဖက် စစ်ဆိုင်ထားပါတယ်။










