DVB Logo
Home
မြန်မာသတင်း
စစ်ကြောရေး နှိပ်စက်ဒဏ်ရာများကြောင့် သမဂ္ဂကျောင်းသူ မဝတ်ရည်အောင် ကွယ်လွန်
DVB
·
July 20, 2025
စစ်ကြောရေး နှိပ်စက်ဒဏ်ရာများကြောင့် သမဂ္ဂကျောင်းသူ မဝတ်ရည်အောင် ကွယ်လွန်
Donate to DVB

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် စစ်ကြောရေးအတွင်း နှိပ်စက်ဒဏ်ရာတွေကြောင့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ဇူလိုင် ၂၀ ရက် ဒီနေ့မှာ ကွယ်လွန်သွားပြီလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်ပါတယ်။

မဝတ်ရည်အောင်ရဲ့ မိသားစုနဲ့နီးစပ်သူတယောက်က “ဒီမနက်မှာ ဆုံးတယ်လို့ပဲ သိရတယ်။ ကလေးက အတက်ရောဂါနဲ့ ဆုံးတာ။ မိသားစုတောင် ဆုံးတယ်ဆိုပြီး ဆက်မှ သိတာတဲ့။ မိဘတွေတော့ အလောင်းထုတ်ဖို့ သွားနေပြီ” လို့ DVB ကို ပြောပါတယ်။

မဝတ်ရည်အောင်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲမှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅၀၅ (က) နဲ့  ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ထားပြီး ဖမ်းဆီးချိန်မှာ ပြင်းထန်တဲ့ နှိပ်စက်မှုတွေလည်း ခံခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ မဝတ်ရည်အောင်ကို စစ်ကောင်စီက အကြိမ်ကြိမ် ထောင်ပြောင်းရွှေ့ခဲ့ပြီး စစ်ကြောရေးတွင်း နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဦးနှောက်အကျိတ်တည်ဒဏ်ရာနဲ့ ၂၂ နာရီကြာလောက် သတိလစ်မေ့မြောခဲ့တယ်လို့လည်း သိရပါတယ်။

မဝတ်ရည်အောင်ရဲ့ မိသားစုနဲ့နီးစပ်သူတယောက်က “နောက်ဆုံး တခေါက် ဆေးကုဖို့ အပြင်ထုတ်ပြီး သတင်းတွေထွက်တော့ လုံးဝအပြင်ပေးမထုတ်ဘဲ ထားတာ။ သူတို့နှိပ်စက်တဲ့ ဒဏ်ရာတွေကြောင့်ပဲ ဦးနှောက်အကျိတ်ရခဲ့တာကို ဆေးကုသခွင့်မပေးလို့ အခုလို ဆုံးသွားတာပါ။ လွန်ခဲ့တဲ့ ၃၊ ၄ ရက်က သူ့ကို ခေါင်းခွဲစိတ်ရမယ်လို့ သတင်းတွေရတာ ချက်ချင်း အပြင်ဆေးရုံကို ပေးမထုတ်ဘဲ မနေ့ကမှထုတ်တော့ ဒီမနက်ဆုံးသွားတာပဲ" လို့ ပြောပါတယ်။

အဲဒီနောက် ရန်ကုန် အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ပေမဲ့ ဇူလိုင် ၂၀ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့တယ်လို့ ကျောင်းသားသမဂ္ဂအသိုက်အဝန်း အတည်ပြုပါတယ်။ 

သမဂ္ဂကျောင်းသူ မဝတ်ရည်အောင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၂၅ နှစ် ရှိပြီ ဖြစ်ပါတယ်။

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့က သမဂ္ဂကျောင်းသားတွေဖြစ်တဲ့ ကိုစည်သူအောင်တင်၊ ကိုရဲလင်းဦး၊ မသဉ္ဇာဇော်၊ ကိုမြင့်သိန်းနိုင်၊ ကိုနေထက်လင်းတို့နဲ့အတူ ရန်ကုန်မြို့မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ဒိုက်ဦး အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး အောက်တိုဘာလကုန်ပိုင်းမှာ အင်းစိန်ထောင်ကို ပြန်ပြောင်းရွှေ့ခံခဲ့ရတာပါ။

ဖမ်းခံရပြီး ၃ လအတွင်း လေဖြန်းသွားတဲ့အတွက် ထောင်ဆေးရုံတင်ထားခဲ့ရသလို စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ဦးနှောက်မှာ အကျိတ်တည်နေတယ်လို့ ယူဆရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013