
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ် NLD ပါတီရဲ့ ဘဏ္ဍာရေးမှူး ဦးယဉ်ထွေးဟာ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာတွေကြောင့် ကော့သောင်းပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေတုန်း ဩဂုတ် ၁၄ ရက်၊ ည ၉ နာရီခွဲလောက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မြို့နယ် NLD ပါတီဝင်တွေဆီက သိရပါတယ်။
ဦးယဉ်ထွေးဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ စစ်တပ်ရဲ့ မတရားဖမ်းဆီးတာခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပေမဲ့ စစ်ကြောရေးမှာ ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် တကိုယ်လုံး လေဖြန်းပြီး စကားမပြောနိုင်တော့ဘဲ ဆေးကုသမှု ခံယူနေရတာလို့ သိရပါတယ်။
မြို့နယ် NLD ပါတီဝင်တယောက်က “စစ်တပ်က ကိုယဉ်ထွေးကို မတရား ဖမ်းဆီးချုပ်နှောင်ပြီး သေခါနီးမှ လွတ်ငြိမ်းနဲ့ ပြန်လွှတ်ကာ အသေသတ်တဲ့ လုပ်ရပ်မျိုးကို လုံးဝ လက်ခံနိုင်စရာမရှိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ ဦးယဉ်ထွေးရဲ့ ရုပ်အလောင်းကို ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်မှာ ထားရှိထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။











