DVB Logo
Home
မြန်မာသတင်း
တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်း၌ စစ်ကြောရေးလုပ်နေ 
DVB
·
June 9, 2025
တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်း၌ စစ်ကြောရေးလုပ်နေ 
Donate to DVB

စစ်တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်းစစ်ကြောရေးကို ပို့ဆောင်ထားပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေးဒေသတွင်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေအကြား မကျေလည်မှုတွေ ပိုများလာပါတယ်။ 

စစ်ကောင်စီကို ဝေဖန်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံသူ ဇော်ဖုန်းဟိန်းကို မန္တလေးနန်းတွင်းစစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ မန္တလေးဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

ပြင်ဦးလွင်မြို့၊ သုံးတောင်အရပ်မှာ နေထိုင်တဲ့ ဇော်ဖုန်းဟိန်းကို ဇွန် ၂ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ထားတာပါ။ 

ဇော်ဖုန်းဟိန်းဟာ အဖမ်းခံရပြီးနောက်မှာ ပြင်ဦးလွင်မြို့နယ် ပြင်စာရွာရဲစခန်းကို ရောက်မလာခဲ့သလို၊ အနီးစခန်းစစ်ကြောရေးကိုလည်း ရောက်မလာခဲ့ဘဲ မန္တလေး နန်းတွင်းစစ်ကြောရေးကို အပို့ခံထားရတယ်လို့ ဆိုပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုး က “မန္တလေးနန်းတွင်းထဲကို ရောက်နေတယ်ပေါ့၊ အဲဒီလို သတင်းတော့ရထားတာရှိတယ်။ သူတို့ အဲဒီလိုဖြစ်နေတာ ကျနော်တို့အတွက် ဒါ ဝမ်းသာအားရစရာပဲလေ။ အဲဒီလိုပဲ မှတ်ယူတယ်။ နောက်တခု သတိရှိရမယ့် အချက်က ဘာလဲဆိုတော့ လံကြုတ်ဇာတ်လမ်းလား ရုပ်ရှင်ရိုက်တာလားပေါ့။ အဲဒါလေးတော့ သံသယဖြစ်မိတယ်။ ဦးနေဝင်းကို ဦးသန်းရွှေက ဂရုမစိုက်သလို၊ ဦးသန်းရွှေကို မင်းအောင်လှိုင် က ဂရုမစိုက်သလို စစ်တပ်ထဲမှာ အရာရှိအရာခံ ဆိုတာတွေတောင်မှ ဖြုတ်ထုတ်သတ်တွေ လုပ်နေတာပဲလေ၊ ရာထူးကနေ ဖယ်ရှား၊​ အနားပေး၊ အနားပေးတယ်ဆိုတာ လူကြားကောင်းအောင် ပြောတာ၊ စစ်ယန္တရား ဗျူရိုကရက်ထဲမှာ ဒါတွေက အစဉ်တစိုက်ရှိနေတာ၊ အဲဒီကြားထဲမှာမှ ဇော်မိုးဟိန်းလိုကောင်က ငမွှားလေးပဲလေ” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ နာမည်ကြီးတဲ့ အမျိုးသမီးပျူစောထီးခေါင်းဆောင် သီတာယုမွန်ဟာလည်း ဧပြီလကုန်ပိုင်းကတည်းက လှုပ်ရှားမှုမရှိတော့ဘဲ သတင်းတွေ ငြိမ်နေခဲ့ပါတယ်။ 

ဧပြီလကတည်းက စစ်ကောင်စီရဲ့ မြင်းခြံခရိုင်အတွင်း တိုက်ပွဲတွေမှာ ပျူစောထီးတွေကို မသုံးတော့ဘဲ စစ်ကောင်စီက သူတို့စစ်သားတွေကိုပဲ အသုံးပြုနေတာ တွေ့ရတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြင်းခြံ Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲ က “အဓိက သီတာယုမွန် ငြိမ်နေတယ် ဆိုတာကလည်း ကမ္ဘာပေါ်မှာ ဘယ်အာဏာရှင်မဆိုပေါ့ ပြည်သူကို စော်ကားတဲ့သူတွေ၊ တနေ့ ပြည်သူ့ကျိန်စာမိတာပါပဲ။ သီတာယုမွန် သူ့ဘာသာသူ အမြစ်ပြတ်ရင်ပြတ်၊ မပြတ်ရင်နေပေါ့နော်၊ သေချာတာတခုက သူ အမြစ်မပြတ်ဘူးဆိုလည်း သူ့ကိုအမြစ်ပြတ်အောင် ကျနော်တို့ ကျားမဲတွေက အမြစ်ဖြတ်ပေးရမှာပဲဗျ” လို့ ပြောပါတယ်။

မကွေးတိုင်းက နာမည်ကျော် စစ်တပ်ထောက်ခံသူ သင်္ကန်းဝတ် ပေါက်ကိုယ်တော်ကလည်း ပျူစောထီးတွေနဲ့ စစ်တပ် ထောက်ခံသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတာတွေနဲ့ ပတ်သက်ပြီး အင်တာနက်လူမှုကွန်ရက်တွေကနေ ဝေဖန်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

မိတ္ထီလာမြို့အဝင်ဂိတ်မှာ ဗိုလ်မှူးဝေဖြိုးနဲ့ ပြဿနာဖြစ်ခဲ့တဲ့ မိတ္ထီလာပြည်သူ့စစ်ခေါင်းဆောင် ဇော်ယုထွန်းကို မေ ၂၇ ရက်မှာ စစ်ကောင်စီ မိတ္ထီလာမြို့နယ်တရားရုံးက ပုဒ်မ ၅၀၅(က) ပုဒ်မ ၆၆(ဃ) တို့နဲ့ မိတ္ထီလာအကျဉ်းထောင်ကို ပို့ခဲ့ပြီးနောက် ပေါက်ကိုယ်တော်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာပါ။

မြိုင် PDF အဖွဲ့မှ ကိုဗစ်တာ က “သူတို့ နောင်တရသင့်ပြီ၊ အမြင်မှန်ရသင့်ပြီ။ သူတို့ ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် တချိန်ကျရင် ဟင်္သာကိုးသောင်း ပျက်သလိုပဲ သူတို့က ဇာတ်တူသားလည်း စားမှာပဲ။ သူတို့သုံးလို့ရရင် သုံးမှာပဲ၊ သူတို့သုံးလို့မရရင် အကုန်လုံး ချနင်းကြမှာပဲ။ ဒါကြောင့် ပြည်သူ့စစ် (ခေါ်) ပျူစောထီးတွေလည်း အမြင်မှန်ရကြဖို့ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ ဒါပဲ ကျနော်က ပြောလိုပါတယ်ဗျ” လို့ ပြောပါတယ်။

ကနီ PDF အဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွှေး က “ခုချိန်မှာ ဘယ်သူမျိုးမဆို စစ်တပ်နဲ့ မထိတွေ့မိပါစေနဲ့၊ စစ်တပ်နဲ့ ထိတွေ့မိရင် ဘယ်သူမျိုးမဆို သူတို့ဘက်ကလူ ကိုယ့်ဘက်ကလူ ဘယ်သူမျိုးမဆို ဖမ်းဆီးပြီးတော့ ထိန်းသိမ်းမယ့်အနေအထားဖြစ်နေတယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံမှာ သီတာယုမွန်၊ မကွေးတိုင်းမှာ ပေါက်ကိုယ်တော်၊ စစ်ကိုင်းတိုင်းမှာ ဝါသဝကိုယ်တော်တို့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ အရန်အင်အားအဖြစ် ပျူစောထီးအဖွဲ့တွေကို ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲဖြစ်ပြီးနောက် မန္တလေး-စစ်ကိုင်း-မကွေးက ပျူစောထီးတွေကို စစ်ကောင်စီက လက်နက်နဲ့ ရိက္ခာ ပုံမှန်မထောက်ပံ့နိုင်တော့ဘဲ အဲဒီနောက်ပိုင်းမှာ သူတို့အချင်းချင်းကြား ပြဿနာတွေ ပိုကြီးထွားလာခဲ့တာ တွေ့ရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013