
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမော်မြို့ အမြောက်တပ်ရင်းနဲ့ လေယာဉ်ကွင်းကို စစ်တပ်က ပြန်လည်ဝင်ရောက်ခဲ့ပြီး တပ်စခန်းတွေ ပြန်လည်ရရှိရေး အပြင်းအထန် ထိုးစစ်ဆင်နေ ပါတယ်။
မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်က ဗန်းမော်မြို့ကို ရောက်ရှိလာခဲ့ပြီး ဗန်းမော်မြို့ အပါအဝင် ဆန်တက်လာတဲ့ မြစ်ကြောင်းတလျှောက်က မြို့တွေမှာပါ လက်နက် ရိက္ခာနဲ့ လူအင်အားတချို့ ဖြည့်တင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က ဗန်းမော်မြို့ထဲ စခန်းလက်မလွှတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းလုပ်ဆောင်ခဲ့ပြီး စစ်သင်္ဘောတွေ ရောက်လာပြီးနောက်မှာတော့ တန်ပြန်ထိုးစစ်ဆင်ကာ ဒရုန်းအပါအဝင် သံချပ်ကာတွေသုံးပြီး ပြန်လည်တိုက်ခိုက်လာတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“လေယာဉ်ကတော့ တရက်ကို ၄-၅ ခါ ပုံမှန်လာတယ်။ တခါတလေဆိုရင် ၁၀ ခေါက်ကျော်ရှိတယ်။ ဒီနေ့လည်း လေယာဉ်တော်တော်လာတယ်။ ပြီးတော့ လေယာဉ်ကွင်းဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ လေယာဉ်ကွင်းကနေတော့ ခနလေး ခွာထားတယ်။ အကုန်ပါသွားတာတော့ မဟုတ်ဘူး။ လေယာဉ်ကွင်းကိုတော့ လုနေကြတဲ့ပုံစံပဲ။ အမြောက်တပ်တော့ ပါသွားပြီ၊ အမြောက်တပ် ၃၆၆။ စကစဘက်ကလည်း FPV ဒရုန်းတွေ၊ အသေခံဒရုန်းတွေ တော်တော်သုံးလာတယ်။”
အခုနှစ်အစပိုင်းမှာပဲ KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ အမတ ၃၆၆ အမြောက်တပ် အပါအဝင် လေယာဥ်ကွင်းကနေပါ နောက်ဆုတ်ပေးထားရတယ်လို့ ဆိုပါတယ်။
စစ်သင်္ဘောအစီး ၂၀ ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နဲ့ ၂၂ ရက်နေ့တွေက မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို ဦးတည်ကာ နှစ်သုတ်ခွဲပြီး ဆန်တက်ခဲ့ကြတာပါ။
စစ်သင်္ဘောတွေ ဗန်းမော်မြို့ကို ရောက်ရှိခဲ့ပြီးနောက် အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
“သင်္ဘောတွေ ရောက်လာကတည်းကလည်း မြို့ပတ်ပတ်လည်ကို ထိုးစစ်တွေ လုပ်နေတယ်။ ဒီကောင်တွေကျတော့ ထိုးစစ်က နေ့တိုင်းထိုးနေတယ်။ ပြီးတော့ မြေပြင်မှာလည်း နယ်မြေတွေ ချဲ့နေလို့ နေ့တိုင်း တိုက်ပွဲတွေဖြစ်နေတယ်။ သင်္ဘောရောက်တဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာနေတယ်။”
စစ်တပ်ရဲ့ အမတ ၃၆၆ တပ်စခန်းနဲ့ ဗန်းမော်မြို့၊ လေယာဉ်ကွင်းတို့ကို KIA ပူးပေါင်းတပ်က အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။
KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်ကစပြီး ဗန်းမော်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၈ လအတွင်း စစ်တပ်စွဲခဲ့တဲ့ မြို့တွင်းနေရာတချို့ အပါအဝင် မြို့ရဲ့ သုံးပုံနှစ်ပုံလောက် ကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟန်န










