DVB Logo
Home
မြန်မာသတင်း
ဗန်းမော်လေဆိပ် နယ်မြေကို KIA နှင့် စစ်တပ်တို့ တဝက်စီထိန်းချုပ်
DVB
·
August 13, 2025
ဗန်းမော်လေဆိပ် နယ်မြေကို KIA နှင့် စစ်တပ်တို့ တဝက်စီထိန်းချုပ်
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အမှတ် ၃၆၆ အမြောက်တပ်နဲ့ ဗန်းမော်လေဆိပ်ရဲ့ နယ်မြေတဝက်လောက်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ KIA က DVB ကို ပြောပါတယ်။

ဗန်းမော်မြို့အတွင်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာပြီးနောက် ဩဂုတ် ၁၀ ရက်မှာ စကခ ၂၁ အနားမှာရှိတဲ့ အမှတ် ၃၆၆ အမြောက်တပ်ကို စစ်တပ်က အပြည့်အဝ ပြန်လည် ထိန်းချုပ်လိုက်ပြီး ဗန်းမော်လေဆိပ် နယ်မြေတဝက်လောက်ကိုပါ ပြန်လည်ထိန်းချုပ်ထားတယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

အဆင့်မြင့်ဒရုန်း အပါအဝင် လေကြောင်းတွေနဲ့ပါ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ ဗန်းမော်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီနေ့လည်း လေကြောင်းနဲ့ အပြင်းအထန် ဗုံးကြဲတာရှိတယ်။ အရင်ရက်တွေမှာလည်း ဒရုန်းနဲ့ တောက်လျှောက် ဗုံးလိုက်ချနေတာ ရှိတယ်။ အခုက သူတို့က(စကစ) အင်အားဖြည့်ပြီး အပြင်းအထန် ပြန်ထိုးနေတာ။ အခုဆို အမြောက်တပ်လည်း ပြန်ပါသွားပြီ။ လေယာဉ်ကွင်းလည်း ဝင်နေပြီလို့ ကြားတယ်။ စကခ ၂၁ နဲ့ အမြောက်တပ်၊ လေယာဉ်ကွင်းဆိုတာ တဆက်တည်း ရှိနေတဲ့ နေရာတွေဆိုတော့ စကစအတွက် အလွန်အရေးကြီးတဲ့ နေရာပေါ့။”

မန္တလေးကနေ တက်လာတဲ့ ရိက္ခာနဲ့ လက်နက်ခဲယမ်း ထောက်ပံ့မယ့် စစ်သင်္ဘော ၁၀ စီးခန့် ဗန်းမော်မြို့ကို ဩဂုတ်လဆန်းပိုင်းမှာ ရောက်ရှိလာပြီးနောက် မြို့အတွင်းက KIA ပူးပေါင်းအဖွဲ့က ထိန်းချုပ်ထားတဲ့ နေရာတွေဘက်ကို တန်ပြန်ထိုးစစ်ဆင်တာတွေ လုပ်လာလို့ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

နှစ်ဖက်တပ်တွေအတွက် မဟာဗျူဟာအရ အရေးပါတဲ့ ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ဖို့ KIA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်နေတာ ၈ လကျော် ရှိလာပြီး စစ်တပ်ကလည်း ဗန်းမော်မြို့ မကျဖို့အတွက် လေကြောင်း၊ ရေကြောင်းနဲ့ အင်အားဖြည့်တင်းနေသလို လေကြောင်းပစ်ကူပါ ပေးနေတာပါ။

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်အတွင်း အဆင်မြင့် နည်းပညာသုံး ဒရုန်းအများအပြား အသုံးပြုလာနိုင်တဲ့ အချက်ဟာ တော်လှန်ရေးအဖွဲ့တွေကို တန်ပြန် အထိနာစေတဲ့အချက် ဖြစ်တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်တပ်ကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကြား မူအားဖြင့် သဘောတူညီစုဖွဲ့မှုတွေ လိုအပ်နေပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“သူက နိုင်ငံတခုရဲ့ စစ်တပ်တခုအနေနဲ့ ရှိနေတာဆိုတော့ အပြင်ကနေ အိမ်နီးနားချင်းနိုင်ငံတွေကနေ အကူအညီရတာတွေ ရှိမယ်။ လိုအပ်နေတဲ့ လက်နက်ခဲယမ်း နည်းပညာ အကူအညီတွေကအစ ရမှာပါ။ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တဲ့အခါ တချို့ အတားအဆီး ရတာမျိုးတွေ ရှိတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ အကုန် အတူတကွ ပူးပေါင်းပြီး တိုက်ခိုက်ရင်တော့ အောင်မြင်မယ်လို့ ထင်တယ်။ တော်လှန်ရေးအဖွဲ့တွေကြားမှာ မူအားဖြင့် သဘောတူညီမှုရဖို့ ပြောနေတာတော့ ကြာပြီ၊ ဒါပေမဲ့ လက်တွေ့မှာ ဖြစ်လာဖို့ ခက်ခဲနေသေးတာကို တွေ့ရတယ်။”

စစ်‌တပ်ဟာ ဗန်းမော်မြို့အပြင် စီးပွားရေးအရ အရေးပါတဲ့ ဖားကန့်မြို့နဲ့ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်မြို့တွေကိုပါ ပြည်သူ့စစ်အင်အားကို အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်နေပြီး ဖားကန့်မြို့ပေါ်မှာလည်း နေ့စဉ်လိုလို နှစ်ဖက်တိုက်ပွဲ ဖြစ်နေသလို လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံတချို့ သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013