DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူမြို့တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားနေရာများ လက်နက်ကြီးကျ
DVB
·
August 13, 2025
ကျောက်ဖြူမြို့တွင် တိုက်ပွဲပြင်းထန်ပြီး အရပ်သားနေရာများ လက်နက်ကြီးကျ
Donate to DVB

စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်လာတဲ့အတွက် အာရက္ခတပ်တော် (AA) နဲ့ ဒီရက်ပိုင်း ကျောက်ဖြူမြို့အနီးနားတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဩဂုတ် ၄ ရက်ကစပြီး ကျောက်ဖြူမြို့နယ်ထဲက ဂုံးချွိန်တိုက်နယ်၊ မလကျွန်းနဲ့ ပြိုင်းစေ့ကေကြား သစ်ပုတ်တောင်နယ် ဓညဝတီ ရေတပ်ဌာနချုပ်အနီးက ကပ်သပြေနဲ့ ကုလာဘာကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကျောက်ဖြူမြို့ထဲအထိပါ လက်နက်ကြီးကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့ဒေသခံ ကိုကျော်ခိုင်က “ဗာရာဏသီဟိုတယ်ရှေ့မှာ လက်နက်ကြီးတလုံးကျတယ်။ ပြီးတော့ ကျောက်ဖြူ သင်္ချိုင်းကုန်းကို တလုံးကျတယ်။ သင်္ချိုင်းကုန်းကိုကျတဲ့ လက်နက်ကြီးက တော်တော့်ကို ကြီးတဲ့ပုံပါပဲ။ အသံလည်း တော်တော်မြည်တယ်။ တမြို့လုံး ထွက်ပြေးဖို့တောင်မှ အထုပ်တွေဘာတွေပြင် ဘာညာနဲ့ အဲဒီလို ပြင်ဆင်တဲ့ဟာ ဘယ်သူမှလည်း အဲဒီနေရာကို မသွားရဲဘူး။ သွားရင် အဖမ်းခံရပြီး စစ်တပ်ထဲ ပို့ခံရမှာစိုးလို့လေ။ အဲဒါမျိုးတွေတော့ မြို့ထဲမှာ အခြေအနေရှိတယ်” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့ဟာ တရုတ်ရဲ့ အကျိုးစီးပွားဖြစ်တဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းရှိနေတဲ့မြို့ ဖြစ်ပြီး မြို့ကို စစ်တပ်က ထိန်းချုပ်ထားပြီးတော့ ကျောက်ဖြူမြို့ ပြင်ပနယ်မြေ အများစုကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ တနှစ်ကျော်နေပြီ ဖြစ်ပြီး ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ထဲကို ဝင်ရခက်သလို မြို့ပြင်ပကို ထွက်ဖို့ကလည်း စစ်တပ်ခွင့်ပြုမှ ထွက်ရတဲ့မြို့ပါ။

ငွေကြေးတတ်နိုင်တဲ့ ဒေသခံအများစုက ရန်ကုန်မြို့ကို စစ်ရှောင်ကြပြီး အခြေခံလူတန်းစားတွေကတော့ မြို့ထဲမှာပဲ ကျန်နေခဲ့တယ်လို့ ကိုကျော်ခိုင်က လက်ရှိ မြို့ပေါ်မှာ ဖြစ်နေတဲ့ အခြေအနေတွေကို ပြောပါတယ်။

“မြို့ပေါ်မှာ ကျန်နေတဲ့သူတွေကတော့ လောလောဆယ်အထိတော့ အဆင်ပြေနေကြသေးတယ်။ စီးပွားရေးကတော့ အရင်လိုတော့ မကောင်းဘူး။ ငါးတွေလည်း ပင်လယ်မှာ လွတ်လွတ်လပ်လပ် ဖမ်းခွင့်မရဘူး။ ဒါပေမဲ့ အတိုင်းအတာတခုထိတော့ လောလောဆယ် အဆင်ပြေနေသေးတယ်။ စစ်တွေလို အခြေအနေ မဆိုးကြဘူးပေါ့နော်။ ခိုးဆိုးလုနှိုက် ဒုစရိုက်အမှုတွေကတော့ အရင်ကထက်ကို နှစ်ဆ သုံးဆ များလာတာရှိတယ်။ ခိုးတာတော့ အသားကုန်ပဲ၊ ကမ်းကုန်ပဲ၊ အဲလိုအခြေအနေရှိတယ်။”

လက်ရှိ ကျောက်ဖြူမြို့ပေါ်မှာ စစ်ကောင်စီရဲ့ ခလရ ၃၄ တပ်ရင်း ရှိနေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဂုံးချွိန်ရွာနားမှာတော့ ခမရ ၅၄၂ တပ် ရှိနေပါတယ်။

၂၀၂၃ မှာ AA ရဲ့ ထိုးစစ်ကြောင့် ကျောက်ဖြူမြို့ရဲ့ ကာကင်းစခန်းတချို့ကို စစ်တပ်က လက်လွှတ်လိုက်ရပါတယ်။

၂၀၂၅ နှစ်လယ်ပိုင်းမှာ ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်က ဥပဒေထုတ်ပြန်တာတွေ၊ ရာထူးအပြောင်းအလဲတွေ လုပ်ပြီးတဲ့နောက်မှာတော့ ကျောက်ဖြူမြို့နဲ့ ၃ မိုင်အကွာမှာ ရှိနေတဲ့ အမှတ် ၃၂ ရဲတပ်ရင်းမှာ စစ်တပ်က အင်အားဖြည့်ပြီး စစ်ကြောင်းပြန်ထိုးလာနေတာပါ။

လက်ရှိ ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက “ကျောက်ဖြူတိုက်ပွဲစဖြစ်တာဟာ အကြမ်းဖက်စစ်ကောင်စီက ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဆက်ဖြစ်ပါတယ်။ ဆိုတော့ ကျောက်ဖြူမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်ပြီးနောက်ပိုင်း အင်အားအလွန်အမင်း အသုံးပြု‌ပြီးတော့ AA တပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာကို တောက်လျှောက် ထိုးစစ်ဆင်လာတော့ AA တပ်ဖွဲ့ဝင်တွေကလည်း တန်ပြန်ခုခံ ချေမှုန်းရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောက်ဖြူမြို့အနှံ့ အထူးသဖြင့် ရဲတပ်ရင်း ၃၂၊ ဓညဝတီ ရေတပ်စခန်းဌာနချုပ် ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ရခိုင်ပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၅ ဩဂုတ်လအထိ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၉၀၀ ကျော်နဲ့ ဒဏ်ရာရတဲ့သူက ၁,၉၀၀ ကျော် ရှိပါတယ်။

ရခိုင်တိုက်ပွဲကာလ ၁ နှစ်နဲ့ ၁၀ လအတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး စစ်ကောင်စီက မြို့နယ် ၃ ခုကိုသာ ထိန်းချုပ်ထားနိုင်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013