DVB Logo
Home
မြန်မာသတင်း
ရေဦးတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
August 13, 2025
ရေဦးတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အတွင်းကနေ ဩဂုတ် ၁၂ ရက် မနက် ၈ နာရီကျော်မှာ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က မိုင်းဆွဲပြီး ဒရုန်းယာဉ်နဲ့ပါ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ရေဦးမြို့အတွင်းကနေ မြို့ရဲ့မြောက်ဘက်ကို အင်အားနဲ့ စစ်ကြောင်း စထိုးလာချိန်မှာ မိုင်းဆွဲပြီး ဒရုန်းယာဉ်နဲ့ပါ ဗုံးသီးကြဲချ တိုက်ခိုက်တာလို့ ရေဦးပကဖ လက်ရုံးတပ် တာဝန်ရှိသူ ကိုပြည့်ကြီးက ပြောပါတယ်။

“စစ်ကြောင်းထိုးဖို့ လုပ်တာတော့ မဟုတ်ဘူးဗျ။ စစ်ကြောင်းအလှုပ်ပြတာလို့ပဲ ကျနော်တို့ ထင်တာ။ မြို့ရဲ့မြောက်ဘက် ရွာသစ်ရွာဘက်ကို ရေဦးတိုင်းရင်းဆေးရုံကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ စ(--)စစ်ကြောင်းကို ကျနော်တို့ ရေဦးမြို့အထွက် ဆိုင်းဘုတ်အနီးမှာ ပါဆယ်မိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဗျ။ ထိခိုက်တဲ့စ(--)တွေကို နာရေးကားနဲ့ မြို့ထဲ ပြန်သယ်သွားတယ်ဗျ။ စစ်ကြောင်းပြန်ဆုတ်သွားတဲ့ အချိန်မှာ ရေဦး ဟိန်းဂိတ်အနီး အရောက်မှာ ကျနော်တို့ Fixed winds ဒရုန်းနဲ့ ‌ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့သေးတယ်ဗျ။ ကျနော်တို့ တိုက်ခိုက်မှု ၂ ကြိမ်စလုံးမှာ စစ်သား ၃ ဦးထက်မနည်း ထိတယ်ဗျ။ သူတို့ ရွာသစ်ရွာထဲအထိ မရောက်ဘဲ ရွာသစ်ရွာ ဓမ္မပါလဘုန်းကြီးကျောင်းကနေ ရေဦးမြို့ထဲ ပြန်ခေါက်သွားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိခဲ့ပါဘူး” လို့ ပြောပါတယ်။

အခုတိုက်ခိုက်မှုကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး လက်ရုံးတပ်က လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

ရေဦးမြို့ခံတယောက်က “တိုက်ပွဲတော့ ဖြစ်သံမကြားလိုက်ရဘူး။ မိုင်းဆွဲတဲ့အသံပဲ ကြားလိုက်ရတယ်။ မိုင်းဆွဲတာတော့ သေချာတယ်ဗျ။ စစ်တပ်က ရွာသစ်ရွာထဲက ပြည်သူနေအိမ်တွေ မွှေနှောက်သွားပြီး ရေဦးမြို့ထဲ ပြန်ဝင်သွားပြီ။ စစ်တပ် အသေအပျောက်စာရင်း မသိရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရေဦးနယ်ကို စစ်ကြောင်းမထိုးတာဟာ ၂ နှစ်နီးပါး ရှိခဲ့ပြီဖြစ်ကာ စစ်ကောင်စီတပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် ရေဦးနယ်ထဲကို နယ်မြေချဲ့လာချင်တဲ့ပုံစံ ပြုလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ရေဦးမြို့နယ် ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

ရေဦးအနောက်ခြမ်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က “စစ်ရေး ဂရုစိုက်ရမှာက ရေဦးနဲ့ ဒီပဲယင်းပေါ့။ ၂ မြို့နယ်စလုံးက စစ်ရေးငြိမ်နေတာ ကြာပြီ။ ၂၀၂၄ ၁၅ ရက်နေ့ ဒီပဲယင်းကို သိမ်းတယ်။ တနှစ်ပြည့်တော့မယ်။ စစ်ကောင်စီက ဒီပဲယင်းကို အလွတ်မပေးဘဲ ပြန်ထိုင်ထားတယ်။ တနှစ်ပြည့်ခါနီးမှာပဲ ရေဦးစစ်ရေးက ပြန်လှုပ်လာတယ်။ ဒီနှစ် ၈ လပိုင်း ၉ လပိုင်းထဲမှာ ရေဦး၊ ဒီပဲယင်း စစ်ရေးလှုပ်ရှားမှုတွေ စစ်ကောင်စီဘက်က ထိုးစစ်ပြုလုပ်လာနိုင်ခြေ များတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းငြိမ်နေတာလည်း ၂ နှစ်နီးပါး ရှိနေပြီဆိုတော့ တောင်သူတွေကအစ အဆင်ပြေသလောက်နီးပါး လည်ပတ်လာနိုင်ပြီ။ လယ်ယာလုပ်ကိုင်တာကအစ မီးလောင်ခံထားရတဲ့ အိမ်လေးတွေလည်း လုံးဝ အကောင်းကြီး မဟုတ်ရင်တောင် ပြန်ဆောက်ထားကြပြီပေါ့ဗျာ။ စစ်ကြောင်းထပ်ဝင်ပြီး ထပ်ရှို့မှာတွေ ပြည်သူတွေက ဒီမနက် စစ်ကြောင်းနဲ့ပတ်သက်ပြီး စိုးရိမ်နေကြရတယ်။ ဒီနှစ်ထဲမှာဆိုရင် စစ်ကောင်စီဘက်က လေကြောင်းသုံးတာတွေဟာ အရမ်းကိုများနေပြီဆိုတော့ စစ်ကြောင်းထိုးလာတာနဲ့ လေကြောင်းရန်ပါ ပြည်သူတွေက ကြောက်နေကြရတယ်။ သေချာပေါက် ရွာတွေဘက်ကို စစ်ကြောင်းစထိုးလာတာနဲ့ လေကြောင်းပါ ပါလာဖို့များတယ်” လို့ ပြောပါတယ်။

ရေဦးမြို့နယ်အတွင်းက တချို့ရွာတွေဆိုရင်လည်း ဗုံးခိုကျင်းတွေကအစ တူးထားကြရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထက်ကို ဒီနှစ်က ပြည်သူတွေအတွက် အရမ်းကို စိုးရိမ်ရသလို စိုးရိမ်လွန်ကဲနေကြတဲ့ ပြည်သူတွေလည်း များလာတာတွေ့ရပြီး စစ်ကောင်စီက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ သာရေး နာရေးပွဲတွေကအစ အညာဒေသမှာ ဗုံးလိုက်ကြဲနေတော့ ပြည်သူတွေအနေနဲ့က စိုးရိမ်လွန်တာ အမှားမဟုတ်ပါဘူး။

တချို့မိဘတွေဆို စာသင်ကျောင်းတွေ ဗုံးကြဲလွန်းလို့ ကလေးတွေ ကျောင်းမထားချင်တော့လောက်အောင်အထိ ဖြစ်နေကြရတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013