DVB Logo
Home
မြန်မာသတင်း
အငတ်ဘေးဆိုက် မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို စခန်းပြင်ထွက် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းကို HRW တောင်းဆို
DVB
·
August 12, 2025
အငတ်ဘေးဆိုက် မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို စခန်းပြင်ထွက် အလုပ်လုပ်ခွင့်ပြုရန် ထိုင်းကို HRW တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံမှာ အငတ်ဘေးဆိုက်နေတဲ့ မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို စခန်းပြင်ထွက် အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်တွေ အမြန်ဆုံးပေးဖို့ ထိုင်းအစိုးရကို အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဩဂုတ် ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုက အဆိုပါ ဒုက္ခသည်တွေဟာ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့မှုတွေ ဖြတ်တောက်မှုနဲ့အတူ ထိုင်းနယ်စပ်ဒုက္ခသည်စခန်းတွေဆီ The Border Consortium (TBC) က  ပံ့ပိုးပေးတဲ့ စားနပ်ရိက္ခာအကူအညီ အများစုနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (IRC) တို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ဖြတ်တောက်ခံရပြီးနောက် စခန်းတွေအတွင်း လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါးအကူအညီတွေ ဆုံးရှုံးနေကြရတာပါ။

ဒါ့အပြင် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီအနေနဲ့ ဒုက္ခသည်စခန်းတွေဆီ ထောက်ပံ့ကူညီမှုတွေ ကျဆင်းလာတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းဖို့ အစီအမံတွေကို အဆိုပြုထားပေမဲ့ ပြည်ထဲရေး ဝန်ကြီးဌာနဘက်က မူဝါဒထုတ်ပြန်တာတွေ ခုချိန်ထိ မရှိသေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

HRW အဖွဲ့မှ အာရှဒေသဆိုင်ရာ သုတေသီ ရှေနာ ဘော့ခ်နာက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေအတွက် အမေရိကန်က ရန်ပုံငွေဖြတ်တောက်တဲ့အပေါ် ထိုင်းအစိုးရက မူဝါဒပြောင်းဖို့ လှုံ့ဆော်သင့်တယ်လို့ ပြောလိုက်တာပါ။

“ဒီဒုက္ခသည်တွေဟာ သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ စိတ်အားထက်သန်နေပြီး အစိုးရက သူတို့ကို (အလုပ်လုပ်ခွင့်၊ စခန်းပြင်ပထွက်ခွာခွင့်တွေ) ခွင့်ပြုမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ပြုနိုင်ပါတယ်။”

မြန်မာနိုင်ငံက ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာရသူတွေအတွက် လွန်ခဲ့တဲ့ ၁၉၈၀ ပြည့်နှစ် လယ်ပိုင်းလောက်က စတင်ကာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွေ တည်ထောင်ခဲ့တာဖြစ်ပြီး ထိုင်းအစိုးရနဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအေဂျင်စီ (UNHCR) တို့က အတည်ပြုထားတဲ့ ဒုက္ခသည် ၉၁,၀၀၀ လောက် အပါအဝင် ဒုက္ခသည်ပေါင်း ၁၀၇,၀၀၀ ကျော် ခိုလှုံနေထိုင်နေကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဒုက္ခသည်စ ခန်းတွေထဲက လူဦးရေဟာ ၃၅ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စစ်တပ်ရဲ့ ရက်စက်ကြမ်း ကြုတ်မှုတွေကြောင့် လူပေါင်း ၁ သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြရသလို လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေက နယ်စပ်ဒေသတွေက လူနေမှုဘဝတွေကို ဆက်လက်ခြိမ်းခြောက်နေကာ နေရပ်ပြန်ဖို့လည်း လုံခြုံမှု မရှိဘူးလို့ HRW အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

HRW အဖွဲ့အနေနဲ့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တချို့နဲ့ ဆက်သွယ် စကားပြောခဲ့ပြီး သူတို့အားလုံးက (ထိုင်းအစိုးရက) ခွင့်ပြုရင် စခန်းအပြင်ဘက်မှာ အလုပ်လုပ်ချင်ကြောင်း ဖြေကြားထားသလို သူတို့ကို တရားဝင်အလုပ်လုပ်နိုင်ခွင့်ကနေ တားမြစ်ထားတာက ဝင်ငွေသာမက ဂုဏ်သိက္ခာနဲ့ မိမိကိုယ်ကို အားကိုးခြင်းလို အဓိက အရင်းအမြစ်တွေကို ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒုက္ခသည်အများစုက ကုလသမဂ္ဂက ပေးအပ်ထားတဲ့ မှတ်ပုံတင်ကတ်တွေ ကိုင်ဆောင်ထားပေမဲ့ အဆိုပါကတ်တွေက ထိုင်းနိုင်ငံတွင်း သူတို့ရဲ့ အခွင့်အရေးတွေကို ငြင်းပယ်တာမျိုးသာဖြစ်ကြောင်းနဲ့ ဒီကတ်တွေနဲ့ ဘယ်မှမသွားနိုင်၊ အလုပ်မလျှောက်နိုင်၊ စာမသင်နိုင်တဲ့အကြောင်းလည်း ပြောပါတယ်။

Source ; HRW

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013