DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး မြန်မာစစ်အာဏာရှင်အား ဖိအားပေးရန် မလေးရှားကို HRW တိုက်တွန်း 
DVB
·
October 7, 2026
Photo: Reuters
Photo: Reuters
Donate to DVB

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့ မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို  မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်အနေနဲ့ ဖိအားပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW)က အောက်တိုဘာ  ၆  ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ 

စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ ဖိတ်ကြားချက်အရ  မလေးရှားနိုင်ငံကို ၂ ရက်တာ တရားဝင် ခရီးစဉ်အဖြစ် အောက်တိုဘာ ၇ ရက် ဒီနေ့မနက်က  ထွက်ခွာသွားတာ ဖြစ်ပါတယ်။  

အာဆီယံ အနေနဲ့ မင်းအောင်လှိုင်နဲ့ တခြားစစ်ခေါင်းဆောင်တွေကို ဒေသတွင်း အစည်းအဝေးတွေမှာ ပါဝင်ခွင့်ပိတ်ပင်ထားမှုကို ဆက်လက်ထိန်းသိမ်းထားဖို့နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ စစ်အာဏာရှင်အုပ်စုအပေါ်   စုပေါင်းပိတ်ပင်ထားတာကို  ပျက်ပြားစေတဲ့ နှစ်နိုင်ငံ ခရီးစဉ်တွေ စီစဉ်ခြင်းမှ ရှောင်ကြဉ်ဖို့လည်း HRW က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မလေးရှားအစိုးရအနေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံသားတွေကို အဓမ္မ ပြန်လည်ပို့ဆောင်မဲ့ အစီအစဉ်တွေကိုလည်း ရပ်ဆိုင်းဖို့လည်း တိုက်တွန်းပါတယ်။ 

မလေးရှား အာဏာပိုင်တွေဟာ စစ်အာဏာရှင်နဲ့ ပူးပေါင်းပြီး စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံသား ၁,၅၀၀ နီးပါးကို စစ်သင်္ဘာတွေနဲ့  နေရပ်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အီလိန်းပီယာဆန်က “မြန်မာနိုင်ငံက စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ထွက်ပြေးလာသူတွေကို အဓမ္မ ပြန်လည်ပို့ဆောင်ဖို့ မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင် က ဖိတ်ခေါ်လိုက်တာဟာ နောက်ထပ် ချိုးဖောက်မှုတွေ ဖြစ်လာဖို့ ဖိတ်ခေါ်လိုက်သလိုပါပဲ။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြား ဒုက္ခသည်တွေကို ဆယ်စုနှစ်များစွာ အကာအကွယ်ပေးခဲ့တဲ့ မလေးရှားအစိုးရအနေနဲ့ အခုလို ပြန်လည်ပို့ဆောင်တာတွေကို ရပ်တန့်သင့်သလို လူသန်းပေါင်းများစွာ ထွက်ပြေးစေခဲ့တဲ့ ချိုးဖောက်မှုတွေကို ရပ်တန့်ဖို့လည်း စစ်ခေါင်းဆောင်ကို တိုက်တွန်းသင့်ပါတယ်" လို့ ပြောပါတယ်။

မလေးရှား အာဏာပိုင်တွေကတော့ ဒီလို ပြန်လည်ပို့ဆောင်တာဟာ သူတို့ရဲ့ သဘောဆန္ဒအလျောက်သာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုထားပြီး ဝန်ကြီးချုပ်အန်ဝါကလည်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ပြန်လည်ခေါ်ယူရေး ကိစ္စဆွေးနွေးဖို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ထားတာလို့ ပြောထားပါတယ်။ 

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနကလည်း မြန်မာဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံရဲ့  ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး၊ လူမှုရေးပြဿနာနဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်တယ်လို့  ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ပြည်နှင်ဒဏ်ခံရသူတွေကို ထိန်းသိမ်းရေးစခန်းတွေကနေ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး အဆိုပါစခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရဖူးသူတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုတွေရှိကြောင်း သတင်းပို့ထားတာကြောင့် လွတ်လပ်စွာ သဘောတူညီခဲ့ခြင်း ဟုတ်၊ မဟုတ်အပေါ် အလေးအနက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ HRW က ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကတော့ ဒီကိစ္စမှာ သူတို့ မပါဝင်သလို ပြည်နှင်ဒဏ်ခံရသူတွေကို စိစစ်ရာမှာလည်း မပါဝင်ခဲ့ဘူးလို့ ပြောပါတယ်။

မလေးရှားနိုင်ငံဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ ၁၉၆၇ နောက်ဆက်တွဲ စာချုပ်ကို အတည်ပြုထားခြင်း မရှိသော်ပေမဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ နှိပ်စက်ညှင်းပန်းမှု ဒါမှမဟုတ် တခြား ပြင်းထန်တဲ့ မတရားပြုကျင့်မှု၊ အသက်အန္တရာယ် ခြိမ်းခြောက်မှု  ဒါမှမဟုတ် အလားတူ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရင်ဆိုင်ရနိုင်တဲ့ နေရာသို့ ဘယ်သူ့ကိုမှ ပြန်မပို့ရဆိုတဲ့ နိုင်ငံတကာဥပဒေ မူဝါဒကို လိုက်နာဖို့  တာဝန်ရှိနေဆဲလို့လည်း ဆိုပါတယ်။

မလေးရှားရှိ ချင်းဒုက္ခသည် အသိုက်အဝန်းကိုယ်စားလှယ်တယောက်ကတော့  ပြည်နှင်ဒဏ်ခံရသူတွေထဲမှာ UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူနဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ပါဝင်နေကြောင်းသိရှိထားတယ်လို့ မီဒီယာတွေကို ပြောပါတယ်။

မလေးရှားနိုင်ငံရှိ UNHCR မှာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းခံသူ ၂၂၄,၀၀၀ ကျော် မှတ်ပုံတင်ထားပြီး ဒီအထဲက အများစုဟာ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လတ်တလော အစီရင်ခံစာတွေအရ မြန်မာနိုင်ငံသား ၁၀,၄၀၀ လောက်ကို မလေးရှား လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

လောလောဆယ် ဒုက္ခသည်တွေ မြန်မာနိုင်ငံသို့ ဘေးကင်းစွာ၊ ဂုဏ်သိက္ခာရှိစွာနဲ့ မိမိသဘောဆန္ဒအတိုင်း ပြန်လည်ဝင်ရောက်ဖို့ အခြေအနေ မရှိသေးဘူးလို့ HRW က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေပြီး အာဏာသိမ်းပြီးကတည်းက လူပေါင်း သောင်းပေါင်းများစွာကို မတရားဖမ်းဆီးခဲ့ကာ ထောင်ပေါင်းများစွာမှာ နှိပ်စက်ညှင်းပန်းမှုနဲ့ မတရားပြုကျင့်မှုတွေကို ကြုံတွေ့ခဲ့ရကာ အချုပ်ထဲ သေဆုံးခဲ့ရတယ်လို့ HRW က ဆိုပါတယ်။ 

မလေးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံသို့ ပြည်နှင်ဒဏ်ပေးမှုတွေ အားလုံးကို ချက်ချင်း ရပ်ဆိုင်းသင့်ပြီး UNHCR ကို လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေ အားလုံးသို့ အပြည့်အဝနဲ့ အဟန့်အတားမရှိ ဝင်ရောက်ခွင့် ပြုဖို့လည်း အကြံပြုပါတယ်။

သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ မလေးရှားအစိုးရကို ပြန်လည်ပို့ဆောင်မှုတွေ ရပ်တန့်ရန် ဖိအားပေးသင့်ပြီး မြန်မာနိုင်ငံမှ ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေအတွက် ပြန်လည်နေရာချထားရေး နေရာတွေနဲ့ အကူအညီတွေတိုးပေးဖို့လည်း တိုက်တွန်းပါတယ်။

HRW  ညွှန်ကြားရေးမှူး ပီယာဆန်က က “ဝန်ကြီးချုပ် အန်ဝါအနေနဲ့ နောက်ထပ် ထွက်ခွာမဲ့ သင်္ဘောတွေကို တားဆီးသင့်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီကို ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေဆီ သွားရောက်ခွင့် ပြုရပါမယ်”လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013