DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးခံရသည့်သတင်းအပေါ် မှတ်ချက်‌ရေးသူများ ဖမ်းဆီးခံရ
DVB
·
August 11, 2025
ပဲခူးတွင် ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးခံရသည့်သတင်းအပေါ် မှတ်ချက်‌ရေးသူများ ဖမ်းဆီးခံရ
Donate to DVB

ပဲခူးမြို့မှာ သြဂုတ် ၈ ရက်က ဗိုလ်ချုပ်ကြေးရုပ် ဖြိုချမှုအကြောင်း ‌ရေးသားထားတဲ့ သတင်းတွေအောက်မှာ ဝင်ရောက်မှတ်ချက်ရေးသားခဲ့တဲ့ ပဲခူးမြို့ခံ ၁၁ ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၊ တောင်ငူလမ်းမ၊ ဆေးရုံလမ်း စတဲ့ လမ်း ၃ လမ်း ဆုံတဲ့နေရာနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို သြဂုတ် ၇ ရက် ည ၁၁ နာရီဝန်းကျင်က ဖယ်ရှားခဲ့တဲ့အပေါ် ရေးသားထားတဲ့ သတင်းတွေအောက်မှာ မှတ်ချက်ရေးသူတွေကို ပဲခူးတိုင်းရဲမင်းကြီး အမိန့်နဲ့ ခရိုင်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

“ဖုန်းကို အရင်မေးတယ်။ ပြီးရင် သိမ်းတယ်။ ဗိုလ်ချုပ်ရုပ်တုနဲ့ ပတ်သက်တဲ့ ပို့စ်တွေအောက်က comment တွေကို ပြပြီး ဘာကြောင့်မန့်လဲ၊ ဘာအဓိပ္ပာယ်နဲ့ မန့်တာလည်း မေးတယ်။ ပြီးမှ အိမ်ထဲဝင်စစ်ပြီး ဖမ်းတယ်။ အဓိကက ခရိုင်ရဲတပ်ဖွဲ့ကို တာဝန်ပေးထားတာ။ အပိုင်ရဲစခန်းက‌ နောက်မှ။ ကျနော် သိသလောက်တော့ အမှတ် ၂ ရဲစခန်းမှာ ၅ ယောက်နဲ့ အမှတ် ၃ ရဲစခန်းမှာရော အပါဆို ၁၁ ယောက်လောက် ရှိတယ်။ ပဲခူးတိုင်းရဲမင်းကြီးအမိန့်နဲ့ တော်တော်လေး စစ်ဆေး ဖမ်းဆီးနေတယ်။ ဒီရုပ်တုကိစ္စမှာ အောက်ခြေရဲတပ်သားတွေ မကိုင်တွယ်ချင်ကြဘူး။ တချို့ ရဲတပ်သားတွေဆို ကွန်းမန့်ရေးထားတာ ရှိရင်တောင် ပြန်ဖျက်ထားကြဖို့ သတိလိုက်ပေးနေတာတွေ ရှိပါတယ်။”

ဖမ်းဆီးခံရသူတချို့ကို ခံဝန်နဲ့ ငွေကြေးယူပြီး ပြန်လွှတ်တာရှိသလို တချို့ကို ပုဒ်မ ၅၀၅ တပ်ပြီး ဖမ်းဆီးထားတာလည်း ရှိတယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ၂ ယောက် ပြန်လည်လွတ်မြောက်လာပြီး ပဲခူးမြို့အတွင်း စစ်ကောင်စီနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို နယ်ထိန်းရဲတွေကနေတဆင့် ထောက်လှမ်းဖမ်းဆီးတာလို့ ဆက်ပြောပါတယ်‌။

“ဖြစ်ဖြစ်ချင်း လိုက်လို့ ပြန်လွတ်လာတာ ၂ ယောက်ရှိတယ်။ ပဲခူးရဲမင်းကြီးက ၅၀၅ နဲ့ပတ်သက်ရင် တော်တော်အလုပ်လုပ်တယ်။ ပင်စင်ယူခါနီးဆိုတော့ တော်တော်လည်း ကြမ်းနေတယ်။ ပဲခူးမှာ ဒီဘက်ကလူတွေပဲပါတဲ့ တယ်လီဂရမ် ရှိနေတယ်။ ကျန်တဲ့သူတွေ မသိရပါဘူး။ တော်တော်များများလည်း ဒါကို မသိကြပါဘူး။ အဲဒီအထဲကပဲ ပဲခူးကိစ္စ တော်တော်များများကို အရေးယူနိုင်တာ။ အမှန်က အဲဒီကွန်ရက်က တော်တော်ကြီးပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းလောက်ထိ ပေါက်နိုင်တဲ့ လင့်တွေပါ အဲဒီမှာရှိပါတယ်။”

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့မှာလည်း ဇွန် ၂၅ ရက်က စစ်ကောင်စီက အမျိုးသမီးတယောက်ကို ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရမ်အကောင့် အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်တွေပေါ်မှာ သတင်းစီးဆင်းမှုတွေ ရပ်တန့်သွားအောင် နည်းလမ်းမျိုးစုံနဲ့ ထိန်းချုပ်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ အင်တာနက် ပိတ်ဆို့ခံရမှု အဆိုးရွားနိုင်ငံတွေထဲ ပါရှိနေတယ်လို့ ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားရေးအဖွဲ့ Access Now က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013