DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အင်အားဖြည့်ပြီး ဒီးမော့ဆိုကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ
DVB
·
August 11, 2025
စစ်တပ်က အင်အားဖြည့်ပြီး ဒီးမော့ဆိုကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေ
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်၊ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်မှာ စစ်တပ်က အင်အားဖြည့်တင်းပြီး ဒီးမော့ဆိုမြို့ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပါတယ်။

မိုးဗြဲကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီရက်ပိုင်း ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ထဲမှာ လူနဲ့ရိက္ခာတွေ ဖြည့်ပြီး ဒီးမော့ဆိုမြို့ကို စစ်ကြောင်းထိုးလာနေလို့ ဒီရက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

ခလရ ၁၀၂ ထဲက ထွက်လာတဲ့ စစ်ကြောင်းဟာ ငွေတောင်ဆည်နားမှာ ဘန်ကာတွေ အခိုင်အမာဆောက်နေပြီး ဒီးမော့ဆိုထဲကို ဝင်ရဖို့အတွက် လက်နက်ကြီးတွေနဲ့ နေ့စဥ် လူနေရပ်ကွက်တွေကို ပစ်လိုက် စစ်ကြောင်းထိုးလာလိုက်နဲ့ တိုးဝင်လာနေတယ်လို့ စစ်ရေးရင်းမြစ်တယောက်က ပြောပါတယ်။

ဒါကြောင့် မြေပြင် စစ်ရေးအခြေအနေအရ သြဂုတ် ၁၀ ရက်ကစပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို လမ်းမကြီးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ရေးရင်းမြစ်တယောက်က “ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ကနေ စစ်ကြောင်းထွက်လာလို့ ၈ ရက်နေ့တည်းက တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒေါဒူရွာနဲ့ တောင်ပေါ်ကို (စစ်တပ်)ဘက်က ရထားပြီး ဒီးမော့ဆို အရှေ့အနောက်ကူးတဲ့လမ်းကိုပါ ဒီကောင်တွေ ထိန်းထားတယ်။ ဒါကြောင့် ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော် ကားလမ်းကို ပြည်သူတွေ အသုံးမပြုဖို့ ပိတ်ထားတာပါ” လို့ ပြောပါတယ်။

စစ်ရှောင်အများစုရှိနေတဲ့ ဒီးမော့ဆိုမြို့မှာလည်း ဒီရက်ပိုင်း လက်နက်ကြီးဒဏ်နဲ့ ဒရုန်းဒဏ်တွေ နေ့စဥ် ခံနေရပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေ တိုးလာတဲ့အတွက် စစ်ရှောင်တွေဟာ နောက်တနေရာကို ထပ်ရှောင်နေရတယ်လို့ စစ်ရေးရင်းမြစ်တယောက်က ဆက်ပြောပြပါတယ်။

ငွေတောင်ဆည်နဲ့ အနီးဆုံးက နန်းမယ်ခုံမြို့မှာလည်း ဒေသခံ သောင်းနဲ့ချီ ရွှေ့ပြောင်းနေရသလို လက်နက်ကြီးနဲ့ ဒရုန်းဒဏ်တွေကြောင့် ဒေါငံခါးနဲ့ ကုန်းသာ နှစ်ရွာကိုလည်း ရွာလုံးကျွတ် ရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။

ဒီးမော့ဆိုဒေသခံတယောက်က “စစ်ကြောင်းကတော့ သူတို့ အရင်က ခန့်မှန်းထားတဲ့ လေးကြောင်းပုံစံပေါ့၊ ဘုရားနီတကြောင်း၊ မိုးဗြဲတကြောင်း၊ ပြီးတော့ ကျောက်ဆည်ကန်က တကြောင်း၊ ငွေတောင်တကြောင်း အဲ့လိုလာတာနဲ့ တူပါတယ်။ အဲတော့ ကာကင်းလုပ်တဲ့သူတွေက သတိပေးတာပေါ့နော်၊ ပြီးတော့ မနေ့ညကနဲ့ မနက်မှာ သူတို့ နှစ်ဖက်ပစ်ခတ်တာတော့ ရှိတယ်။ လက်နက်ကြီးတွေ အရမ်းလျှောက်ထုတယ်။ ရွာထဲမှာလည်း ကျတယ်၊ တချို့အိမ်တွေလည်း ပြန်ထိခိုက်တာတွေလည်း ရှိတယ်။ ပြီးတော့ ဒရုန်းတွေနဲ့လည်း ချတယ်။ လေယာဥ်လည်း တောက်လျှောက်ပဲ။ မနေ့ညကလည်း ထူးချောင်းမှာလည်း ထပ်ကြဲသေးတယ်။ မနေ့က ၁၀ နာရီ၊ ၁၁ ဝန်းကျင်လောက်” လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်ကောင်စီဟာ သူလက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်ရဖို့ ပြီးခဲ့တဲ့လတည်းက နိုင်ငံအနှံ့ စစ်မြေပြင်တွေမှာ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်မှုတွေ လုပ်လာနေပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013