DVB Logo
Home
မြန်မာသတင်း
၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနား ကနေဒါ၊ ဗန်ကူးဗား တွင်ကျင်းပ (ဓာတ်ပုံ)
DVB
·
August 9, 2025
၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အခမ်းအနား ကနေဒါ၊ ဗန်ကူးဗား တွင်ကျင်းပ (ဓာတ်ပုံ)
1 / 7
Donate to DVB

၈၈၈၈ ဒီမိုကရေစီရေး  လူထုအရေးတော်ပုံ ၃၇ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားနဲ့ ထီးသပိတ်လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့ ဆာရေးအရပ်ရှိ နေပြည်တော် မြန်မာစတိုးဆိုင်ရှေ့မှာ ဒေသစံတော်ချိန် ဩဂုတ် ၈ ရက် ညနေပိုင်းက  ကျင်းပပါတယ်။

ဒီအခမ်းအနားမှာ ၈၈ မျိုးဆက် မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက  ရှစ်လေးလုံး အမှတ်တရ စကားတွေ ပြောကြားခဲ့ကြပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးမှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေအတွက် ငြိမ်သက်ဆုတောင်း ဂါရဝပြုခဲ့ကြပါတယ်။

စစ်အာဏာရှင်ရှိနေသမျှ တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီမရနိုင်တဲ့အတွက်  ၈၈ မျိုးဆက်တွေနဲ့ ၂၀၂၁ မျိုးဆက်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ လိုတယ်လို့ ၈၈ မျိုးဆက် မြန်မာ့အရေးလှုပ်ရှားသူ ဦးဆန်းအောင်က ပြောပါတယ်။

“ဒီစစ်အာဏာရှင်ရှိနေသမျှ ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေဟာ အေးအေးချမ်းချမ်းနေရမှာ မဟုတ်ဘူး။ တိုးတက်မှုနဲ့ ဒီမိုကရေစီအရသာကို ခံစားရမှာမဟုတ်ဘူး၊ ၁၉၈၈ ကနေ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တယ်၊ ဒီမိုကရေစီမျိုးစေ့ကိုချခဲ့တယ်။ မြန်မာပြည်မှာ ဒီမိုကရေစီရောင်ခြည်လေး နည်းနည်းသမ်းခဲ့တယ်။ ပွင့်ဖူးလာတဲ့ ဒီမိုကရေစီကို ဒီစစ်အာဏာရှင်က ၂၀၂၁ မှာ ရိုက်ချိုးဖျက်လိုက်တယ်။ ဒီကြေမွသွားတဲ့ ဒီမိုကရေစီကို ကျနော်တို့  ပြည်လည် အသက်သွင်းဖို့၊ ပြန်လည်ပြီးရအောင် ယူဖို့လည်း လိုပါတယ်။ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့ လိုပါတယ်။ စစ်အာဏာရှင် အသက်ရှိနေသရွေ့ ကျနော်တို့ တိုင်းပြည်ဟာ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ပါဘူး။ ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ရှစ်လေးလုံးက ချပေးခဲ့တဲ့ ဒီမိုကရေစီကိုမျိုးစေ့ကို ပြန်ပြီး အသက်သွင်းပေးကြဖို့ အောင်မြင်အောင်လုပ်ပေးကြပါ ဖို့အကြံပြုချင်ပါတယ်။ ”

စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး ပြည်တွင်းနဲ့ ပြည်ပ  တော်လှန်ရေး အင်အားစုတွေကြားမှာ ပိုပြီးစုစည်းညီညွတ်ဖို့ လိုတဲ့ အကြောင်း ၈၈ မျိုးဆက် မြန်မာ့အရေး လှုပ်ရှားသူ ဦးဌေးအောင်က ပြောပါတယ်။ 

“စစ်အာဏာရှင်ဆန့်ကျင် တိုက်ပွဲဝင် အင်အားစုတွေအကြားမှာ ပိုပြီးစုစည်းညီညွတ်တဲ့ Functional Unity ကိုတည်ဆောက်နိုင်ဖို့လိုတယ်။ Functional Unity ဆိုတာ အလုပ်တွေအပေါ်မှာ အခြေခံပြီးတော့ အင်အားစုတရပ်အနေနဲ့ အခိုင်အမာတည်ဆောက်တဲ့ တိုက်ပွဲပုံစံတရပ်ဖြစ်တယ်။ ဒီကနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ပတ်သက်နေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေက ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်သွားနေကြတဲ့ အစုအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးကို ဆက်ပြီးတိုက်ပွဲဝင်နေကြတာဖြစ်တယ်။ အဲဒီအစုအဖွဲ့တွေအကုန်လုံးက စုစည်းနိုင်ဖို့လိုတယ်။ ဒီအစုအဖွဲ့တွေရဲ့အားနဲ့ လက်ရှိ ပြည်ပမှာ ရှိနေတဲ့ ကျနော်တို့ အင်အားစုတွေနဲ့ကြားထဲမှာ အခိုင်အမာတည်ဆောက်ပြီးတော့ ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေအားလုံးဟာ ဘက်တဘက်တည်းမှာရပ်တည်တဲ့ အင်အားစုတရပ်အနေနဲ့ တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။”

ကရင်တိုင်းရင်းသားတယောက်ဖြစ်တဲ့ စောအေးမင်းကလည်း စစ်အာဏာရှင်ရှိနေရင် ဘယ်လူမျိုးမှ ကျွန်အဖြစ်ကနေ မလွတ်မြောက်နိုင်ဘူးလို့ ပြောပါတယ်။ 

“ကျနော် ကရင်လူမျိုးတယောက်အနေနဲ့ ကရင်တိုင်းရင်းသားတွေကို သတင်းစကားပါးချင်တာက ဒီတော်လှန်ရေးနဲ့အတူ ယုံကြည်ချက်ရှိရှိနဲ့ အခုတိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေနဲ့အားလုံးအတူ တော်လှန်ရေးသမားတွေနဲ့အတူ စည်းလုံးမှုကို အပြည့်အဝယူပြီး ယုံကြည်မှုအပြည့်အဝထားပြီး  နောက်ဆုံး စစ်ကောင်စီ အမြစ်ပြတ်တဲ့အထိ ချေမှုန်းနိုင်မှ၊ ကျနော်တို့ ညီညွတ်နိုင်မှ ကျနော်တို့ရဲ့ ကျွန်သံသရာကြီးကနေ လွတ်ကျွတ်လိမ့်မယ်။ ခေါင်းဆောင်တွေ အားလုံးစဉ်းစားပေးကြပါ။”

၈၈၈၈ အရေးတော်ပုံနေ့အထိမ်းအမှတ် တေးသီးချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပြီး နေပြည်တော် စတိုးဆိုင်ပိုင်ရှင်မိသားစုက မြန်မာထမင်းဟင်း စားသောက်ဖွယ်ရာတွေနဲ့ လှူဒါန်း ကျွေးမွေးခဲ့ပါတယ်။

ဩဂုတ် ၈ ရက်မှာ ကျရောက်တဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေကို မြန်မာပြည်တွင်း လွတ်မြောက်နယ်မြေတွေနဲ့ တော်လှန်ရေးနယ်မြေ တွေမှာသာမက၊ ထိုင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊  အမေရိကန်၊ ကနေဒါ စတဲ့ ပြည်ပနိုင်ငံတွေ အသီးသီးမှာလည်း ကျင်းပခဲ့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013