
စစ်အာဏာရှင်အုပ်စုအပေါ် ဖိအားတွေတိုးမြှင့်ပေးပြီး အရပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်စေရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးစေရေး လုပ်ဆောင်ပေးဖို့ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ မြန်မာ့အရေး အလှုပ်ရှားသူတွေက ကနေဒါအစိုးရနဲ့ နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုလိုက်ပါတယ်။
ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗားမြို့မှာ ဒေသစံတော်ချိန် ဩဂုတ် ၈ ရက်နေ့လယ်က သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၈ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ပြုလုပ်ရာမှာ ဗန်ကူးဗားမြို့ ၈၈၈၈ အရေးတော်ပုံ ၃၈ နှစ်မြောက် အထိမ်းအမှတ် ကော်မတီက ထုတ်ပြန်တောင်းဆို လိုက်တာပါ။
အာဆီယံ၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ နိုင်ငံတကာအသိုက်အဝန်းအပါအဝင် နိုင်ငံအားလုံးအနေနဲ့ စစ်အာဏာရှင်အုပ်စုကို အစိုးရအဖြစ် တရားဝင်ဖြစ်စေတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး ဆက်ဆံပတ်သက်မှုအားလုံးကို အဆုံးသတ်ဖို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ ဒီအစား မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရေးကို ထောက်ခံအားပေးကြဖို့လည်း တိုက်တွန်းပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူတွေရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုကာ ထောက်ခံပံ့ပိုးပေးဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့လည်း တိုက်တွန်းပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကတဆင့် ပိုမိုတိုးချဲ့ထားတဲ့ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေ၊ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းဝယ်မှု အပြည့်အဝပိတ်ပင်ဖို့နဲ့ သံတမန်ရေး ဖိအားတွေ အပါအဝင် နိုင်ငံတကာရဲ့ ညှိနှိုင်းပူး ပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရှစ်လေးလုံး ၃၈ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမှာတော့ ၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူတွေက လူငယ်မျိုးဆက်တွေကို အတွေ့အကြုံမျှဝေခဲ့ကြသလို တော်လှန်ရေး တေးသီချင်းတွေ သီဆိုတာနဲ့ တော်လှန်ကဗျာတွေ ရွတ်ဆိုတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို စတင်တောင်းဆိုခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကနေ ဦးနေဝင်းခေါင်းဆောင်တဲ့ မဆလ တပါတီအာဏာရှင်အစိုးရအဆက်ဆက်ကို ဖြုတ်ချနိုင်ခဲ့ပြီး တိုင်းပြည်ရဲ့အာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိခဲ့ပြီးမှ စစ်တပ်က အာဏာသိမ်းခဲ့တာလို့ ၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူ ဦးတင်အောင်ထွန်းက ပြောပါတယ်။
အဲဒီနောက် တောထဲမှာတောခိုပြီး တိုက်ပွဲဝင်ခဲ့သူတွေက မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (DAB) တပ်ပေါင်းစုဖွဲ့စည်းပြီး တော်လှန်တိုက်ပွဲဝင်ကြခဲ့သလို၊ မြို့ပေါ်မှာ ပါတီနိုင်ငံရေး ကလည်း အောင်မြင်ခဲ့ပေမဲ့ အောင်မြင်ခါနီးမှာ စစ်အာဏာသိမ်းခဲ့တာဖြစ်တယ်၊ အတိတ်က သင်ခန်းစာတွေကို ယူပြီး စည်းလုံးညီညွတ်စွာနဲ့ စစ်အာဏာရှင် စနစ်အမြစ်ပြတ်တဲ့အထိ ဆက်လက် လုပ်ဆောင်သွားကြဖို့လည်း ဦးတင်အောင်ထွန်းက ပြောပါတယ်။
၈၈ မျိုးဆက် တော်လှန်ရေးမှာ ပါဝင်ခဲ့သူ ဦးကိုလေး (ခ) ဦးဝင်းမြင့်ထွန်းက “စစ်တပ်ဆိုတာ ပစ်ရင်မိုးပေါ်ထောင်မပစ်ဘူးတဲ့၊ တည့်တည့်မှန်အောင်ပစ်တယ်တဲ့၊ ဦးနေဝင်းရဲ့ အဲဒီစကားတခွန်းက ကျနော့်ရင်ထဲမှာ ယနေ့အထိစွဲနေတုန်းပဲ၊ အခုအထိ ဒီမိစ္ဆာကောင်တွေက သူတို့ အဘိုးဆရာကြီး ကျင့်စဉ်ကျင့်ထုံးအတိုင်း ကျနော်တို့ရဲ့ပြည်သူတွေ ကျေးရွာ ရပ်ရွာတွေကို၊ ဒီနည်းအတိုင်း ဆက်လက်ကျင့်သုံးနေတုန်းပဲ။ ကျနော်တို့ရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ကြွေးကြော်ခဲ့သလိုပဲ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူးဆိုတာ အမှန်ဆုံးပဲ။ ဒီစစ်တပ်ကို ဘယ်တော့မှညှိနှိုင်းဆွေးနွေးလို့မရဘူး အမြစ်ပြုတ်တိုက်မှရမယ်။ စစ်တပ်ဆိုတဲ့ သတ္တဝါမျိုးကို နောက်ဆုံးအသက်ထွက်တဲ့အထိ ကျနော် ဆန့်ကျင်သွားမယ်”လို့ ပြောပါတယ်။
မျိုးဆက်သစ် လူငယ်တယောက်ကတော့ “ရှစ်လေးလုံးဆိုတာကတော့ ကျနော့်အဖေပြောပြလို့ စသိတာပေါ့။ ၈၈ သူတို့ ခေတ်တုန်းက သူတို့ မတရားခံခဲ့ရတာတွေကို မကျေနပ်တာတွေ ပြောပြတယ်။၊ ကျနော်နည်းနည်း အသက်ကြီးလာခဲ့အခါမေးကြည့်တဲ့အခါမှာ ဒါက ၁၉၆၂ ခုနှစ် ဒါကစပြီးဖြစ်ခဲ့တယ်၊ ၁၉၈၈ တုန်းက ဒီလိုတွေဖြစ်ခဲ့တယ်၊ သူတို့ခေတ်တုန်းက ဘယ်လိုခံခဲ့ရတယ်ဆိုတာတွေ ပြောပြတယ်။ ဒါပေမဲ့ အဲတုန်းက ကျနော်က သိပ်အရေးမထားခဲ့ဘူး။ ကျနော်အသက်ကြီးလာတဲ့အခါကျတော့ ပွင့်လင်းမြင်သာတဲ့ခေတ် ၂၀၂၁၀ ကနေ ၂၀၁၅ အထိ ကြံ့ခိုင်ရေးအစိုးရ၊ ပြီးတဲ့အခါကျတော့ ၂၀၁၅ ကနေ အာဏာသိမ်းတဲ့အထိ NLD အစိုးရဆိုတဲ့အခါကျတော့ စစ်အာဏာဏာရှင်ဆိုတာဘာလဲ သေချာမသိခဲ့ဖူး၊ ဘာတွေဖြစ်ခဲ့လဲ သေချာမသိခဲ့ဘူး။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းတာကို ကျနော်တို့ကိုယ်တိုင် ကြုံလာတဲ့အခါကျမှသိလာခဲ့တာ။ ကျနော်တို့နိုင်ငံကို တိုးတက်တဲ့နိုင်ငံဖြစ် စေချင် တယ်။ ကျနော်တို့ နိုင်ငံကောင်းခဲ့ရင် မပျက်စီးခဲ့ရင် တိုးတက်နေတဲ့ပုံစံမျိုး မြင်နေရပြီ” လို့ ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ အခမ်းအနားမှာ ဗန်ကူးဗားရောက် နိုင်ငံရေးလှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေ၊ ကျောင်းသား လူငယ်တွေနဲ့ မြန်မာပြည်သားတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ထီးသပိတ်လှုပ်ရှားမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုတဲ့လှုပ်ရှားမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။










