DVB Logo
Home
မြန်မာသတင်း
နော်ဝေတွင် ‘8888 Memorial Foundation’ စတင်ရန် ဆုံးဖြတ်
DVB
·
August 9, 2026
နော်ဝေတွင် ‘8888 Memorial Foundation’ စတင်ရန် ဆုံးဖြတ်
1 / 6
Donate to DVB

နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ ၃၈ နှစ်မြောက် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားကို ဩဂုတ် ၈ ရက်နေ့က ကျင်းပခဲ့ကြပြီး အဲဒီအခမ်းနားကနေတဆင့် ‘8888 Memorial Foundation’ ကို စတင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ အခမ်းအနား ကျင်းပသူတွေက ပြောပါတယ်။

'ပေးဆပ်သွားတဲ့ မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်' ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့တဲ့ အခမ်းအနားကို Myanmar (CRPH) Support Group, Norway စီစဉ်ခဲ့တာဖြစ်ပြီး NUG ရဲ့ နော်ဝေဆိုင်ရာကိုယ်စားလှယ်၊ Myanmar (CRPH) Support Group, Norway အဖွဲ့ဝင်တွေနဲ့ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိ နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုတွေအတွက် နော်ဝေနိုင်ငံကနေ ထောက်ပံ့ကူညီမှုတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ ပံ့ပိုးကူညီမှုတွေ ဆက်လက်ရရှိစေဖို့ လုပ်ဆောင်နိုင်မဲ့နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြသလို အခမ်းအနားကို ကြွရောက်ချီးမြှင့်ခဲ့တဲ့ ၈၈၈၈ ကျောင်းသားဟောင်း ဆရာတော် ဦးဩဘာသက ၃၈ နှစ် ကြာမြင့်လာတဲ့အချိန်အထိ ဒီမိုကရေစီအရေးနဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေအတွက် ဆက်လက်တက်ကြွလှုပ်ရှားနေကြတဲ့ ၈၈ မျိုးဆက်တွေရဲ့ ကြိုးပမ်းပေးဆပ်မှုတွေကို အသိအမှတ်ပြု သာဓုခေါ်ဆိုခဲ့ပါတယ်။

ဒါ့အပြင် ၈၈၈၈ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူတွေကို အောက်မေ့ဂုဏ်ပြုဖို့နဲ့ ယနေ့တိုင် ရှင်သန်ကျန်ရစ်နေတဲ့ ၈၈ မျိုးဆက်တွေအတွက်ရည်စူးပြီး နောင်နှစ်တွေမှာ ဆွမ်းကပ်တာ၊ လှူဒါန်းတာနဲ့ အခြားကောင်းမှုကုသိုလ်တွေကို နှစ်စဉ်ပြုလုပ်သွားနိုင်ဖို့ ဆရာတော်က အကြံပြုခဲ့ပါတယ်။

ဒီရည်ရွယ်ချက်အတွက် ဆရာတော် ဦးဩဘာသက တနှစ်ကို နော်ဝေခရိုနာ ၅,၀၀၀ (ဒေါ်လာ ၅၀၀ ဝန်းကျင်) နှုန်းနဲ့ ၁၀ နှစ်တာ မတည်လှူဒါန်းသွားမယ်လို့ မိန့်ကြားခဲ့ပါတယ်။

ဒီလို မတည်လှူဒါန်းမှုကို အခြေခံပြီး Myanmar (CRPH) Support Group, Norway က ‘8888 Memorial Foundation’ ကို စတင်တည်ထောင်လိုက်တာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်တဲ့ ကိုယ်တွေ့အမှတ်တရတွေ၊ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကျဆုံးခဲ့သူတွေရဲ့ ပေးဆပ်မှုတွေကို တက်ရောက်လာသူတွေက ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါ့အပြင် အရေးတော်ပုံကနေ ဒီနေ့နွေဦးတော်လှန်ရေးအထိ ဆက်လက်ရှင်သန်လာတဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေးခရီးစဉ်အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

အရေးတော်ပုံမှာ ကျဆုံးခဲ့သူတွေနဲ့ ရှင်သန်ကျန်ရစ်သူတွေအတွက် ရည်စူးတဲ့ အောက်မေ့ဖွယ်နဲ့ ကုသိုလ်ပြုလုပ်ငန်းတွေကို နောင်နှစ်တွေမှာ ဆက်လက်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013