
အမေရိကန်နိုင်ငံ အီလီနွိုက်စ်ပြည်နယ်မှာ မစ္စစ္စပီမြစ်ပေါ်ရှိ သင်္ဘောတစီးထဲကို ဩဂုတ် ၇ ရက်က ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပြီးနောက် လူ ၂ ယောက် သေဆုံးသွားပြီး အောလ်တန်မြို့ကို သွားတဲ့ ရေလမ်းကြောင်းကိုလည်း ပိတ်ချခဲ့ရကြောင်း အမေရိကန် ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။
ပျက်ကျတဲ့နေရာမှ အနက်ရောင် မီးခိုးလုံးတွေ ထွက်ပေါ်နေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကို မြစ်ကမ်းဘေးမှ မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။
ပဏာမအချက်အလက်တွေအရ MD 369 ရဟတ်ယာဉ်ဟာ မပျက်ကျခင်က ဓာတ်အားလိုင်းကို ဝင်တိုက်မိခဲ့ကြောင်း အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းမှု ဘုတ်အဖွဲ့ (NTSB) အဆိုအရ သိရပါတယ်။
ရဟတ်ယာဉ်ပျက်ကျချိန်မှာ လိုက်ပါလာသူ ၂ ဦးရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုကို NTSB က ဦးဆောင်မှာဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်း အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
NTSB စုံစမ်းစစ်ဆေးရေးမှူး တယောက်ဟာ သောကြာနေ့မှာ အခင်းဖြစ်ပွားတဲ့နေရာကို ရောက်လာမယ်လို့ မျှော်လင့်ထားကြောင်း အေဂျင်စီက ပြောကြားခဲ့ပါတယ်။
အဓိကကန်ထရိုက်နဲ့ တဆင့်ခံကန်ထရိုက်တို့ဟာ လျှပ်စစ်ဓာတ်အားလိုင်းပေါ်ရှိ တာဝါမီးတွေနဲ့ အမှတ်ပြ မီးလုံးတွေကို ပြုပြင်ပြီး အစားထိုးလဲလှယ်နေကြတာလို့ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ အာမေးရန်ကော်ပိုရေးရှင်းက ပြောပါတယ်။
ဒီနေ့ ကြေကွဲဖွယ်ဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရပါကြောင်း အာမေးရန် ကော်ပိုရေးရှင်းက ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပျက်ကျပြီးနောက် မီးလောင်မှုကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ကြောင်း သင်္ဘောပေါ်မှာ ဘယ်သူမှ မရှိနေခဲ့ဘူးလို့ ကမ်းခြေစောင့် တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန် လင်းဘာ့ဂ် က ပြောပါတယ်။
ကောက်ပဲသီးနှံနဲ့ တခြားကုန်စည် တွေအတွက် အဓိကပို့ဆောင်ရာ ရေလမ်းဖြစ်တဲ့ မစ္စစ္စပီ မြစ်ကို မိုင်တိုင်အမှတ် ၁၉၉ မှ ၂၀၁ အထိ ပိတ်ထားကြောင်းလည်း လင်းဘာ့ဂ် က ပြောပါတယ်။
မြစ်ကိုပြန်ဖွင့်မယ့် အချိန်ကိုတော့ ခန့်မှန်းလို့ မရသေးဘူး လို့လည်း ဆိုပါတယ်။ အောလ်တန် မြို့ဟာ အီလီနွိုက်စ် မြစ်နဲ့ မစ္စစ္စပီမြစ် တို့ ဆုံရာမှ မြစ်အောက်ပိုင်းမှာ တည်ရှိပါတယ်။
ရေလမ်းကြောင်း ပိတ်ထားခြင်းကြောင့် အမေရိကန် အနောက် အလယ်ပိုင်း စိုက်ပျိုးရေးမြေတွေ ကနေ အမေရိကန် ပင်လယ်ကွေ့ကို ကောက်ပဲသီးနှံတွေ သယ်ဆောင်လာတဲ့ သင်္ဘောတွေ နှောင့်နှေးစေနိုင်ပါတယ်။
Source;Reuters










