DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်မှုထမ်းအစည်းအဝေးမတက်သူများကို ဒဏ်ရိုက်၊ မြောင်းမြတွင် စစ်ဝတ်စုံဖိုးပါ ကောက်ခံ
DVB
·
August 9, 2025
လေးမျက်နှာတွင် စစ်မှုထမ်းအစည်းအဝေးမတက်သူများကို ဒဏ်ရိုက်၊ မြောင်းမြတွင် စစ်ဝတ်စုံဖိုးပါ ကောက်ခံ
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ယင်းဆယ်ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စ အရေးပေါ်အစည်းအဝေးမတက်သူတွေဆီက ဒဏ်ငွေကောက်ခံနေပြီး မြောင်းမြမြို့နယ်၊ သရော်ကွေ့ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကတော့ စစ်မှုထမ်းထောက်ပံ့ကြေးအပြင် ပြည်သူ့စစ် ဝတ်စုံဖိုးပါ ထပ်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေးမျက်နှာမြို့နယ် စစ်ကောင်စီခန့် ယင်းဆယ်ကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင်က သြဂုတ် ၅ ရက်မှာလုပ်တဲ့ စစ်မှုထမ်းကိစ္စ အရေးပေါ်အစည်းအဝေး မတက်သူတွေကို ဒဏ်ငွေလို့ ခေါင်းစဉ်တပ်ပြီး တယောက်ကို ကျပ် ၃၀,၀၀၀ အထိ တောင်းယူနေတာလို့ ဆိုပါတယ်။

လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “ပြည်သူ့စစ်မှုထမ်း အရေးပေါ်ကိစ္စ ရှင်းပြမလို့ မဖြစ်မနေ တက်နားထောင်ဖို့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက တအိမ်တက်ဆင်း ခေါ်တာ။ တက်နားမထောင်တဲ့သူတွေကို အထက်အမိန့်အရဆိုပြီး ဒဏ်ငွေဆိုပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ ငွေ ၃၀,၀၀၀ တောင်းတာ။ ထင်တိုင်းကြဲနေတာ” လို့ ပြောပါတယ်။

အဲဒီလို စစ်မှုထမ်း အရေးပေါ်ကိစ္စ အစည်းအဝေးမတက်လို့ ဒဏ်ငွေလို့ ပြောပြီး ငွေ ၃၀,၀၀၀ ယူနေတာကြောင့် တနေ့လုပ်တနေ့စားဒေသခံတွေ အခက်အခဲဖြစ်နေပြီး စစ်မှုထမ်းကိစ္စအကြောင်း နားမထောင်ရင် ထောင်ဒဏ် ၃ နှစ်အထိပါ ချခံရနိုင်တယ်လို့ အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတယောက်က “အစည်းအဝေးပေါ့၊ မပျက်မကွက် တက်ရမယ်တဲ့။ ၁၈ နှစ်ကနေ ၃၅ နှစ်အထိ ယောကျ်ားလေးတွေ၊ မိန်းကလေးတွေပါ ခေါ်တာ၊ မိန်းကလေးတွေက ၁၈ ကနေ ၂၈ အထိတဲ့။ အစည်းအဝေးတက်နားမထောင်ရင် မိမိတာဝန်ဖြစ်တယ်လို့ ထည့်ကြေညာတာ။ ယောကျ်ား၊ မိန်းမတိုင်း စပါးစိုက်နေတဲ့သူတွေ တရက်ကိုမှ ၆,၀၀၀ လောက်ရတာ၊ ၃၀,၀၀၀ ပေးရမှာ ကြောက်တော့ သွားတယ်။ မကြားမိလို့၊ မသိလို့၊ မသွားချင်လို့ မသွားဖြစ်တဲ့သူတွေဆို ၃၀,၀၀၀ တောင်းတာပဲ” လို့ ပြောပါတယ်။

အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စအစည်းအဝေးမတက်တဲ့ဒေသခံတွေစာရင်းကို ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုပြုစုခိုင်းထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်မှုနဲ့ ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက် ပြောဆိုတာလို့ ဆိုပါတယ်။

မြောင်းမြမြို့နယ်၊ သရော်ကွေ့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ညွန့်ဦးကတော့ ဩဂုတ် ၃ ရက်က စပြီး စစ်မှုထမ်းထောက်ပံ့ငွေ တအိမ် ကျပ် ၁ သိန်းနဲ့ ပြည်သူ့စစ်မှုထမ်းဝတ်စုံဖိုး ကျပ် ၂၀,၀၀၀ ပါ ထပ်တိုးကောက်ယူနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတယောက်က “စစ်မှုထမ်းငွေကလည်း တိုးကောက်တယ်၊ အခုတခါ စစ်မှုထမ်းတွေအတွက် ဝတ်စုံဖိုးဆိုပြီး ထပ်ကောက်တယ်။ မဖြစ်မနေထည့်ရတာ။ မထည့်ရင် စစ်မှုထမ်းထဲ ဖမ်းထည့်မယ်လို့ ခြိမ်းခြောက်တယ်။ စစ်မှုမထမ်းရဘူးထင်ပြီး ထည့်တဲ့သူတွေများတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွက် စစ်မှုထမ်း လစဉ်ထောက်ပံ့ကြေး ကျပ် ၇၀,၀၀၀ ပဲကောက်ယူရာကနေ အခု ကျပ် ၁ သိန်းအထိတိုးကောက်တာဖြစ်ပြီး သရောခွေ၊ မြစ်ကြိုး၊ သမန်းချောင်း၊ နတ်စင်ချောင်း၊ မြသိမ်းဒေါင်း၊ တည်စု စတဲ့ကျေးရွာတွေမှာ ဖိအားပေး ခြိမ်းခြောက် ကောက်ယူနေတာလို့ ဆိုပါတယ်။

အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းထောက်ပံ့ကြေးလို့ ခေါင်းစဉ်တပ် ကောက်ယူနေတာအပြင် စစ်မှုထမ်းငှားရမ်းကြေးပါ ကောက်နေပြီး ကောက်ထားတဲ့ စစ်မှုထမ်းထောက်ပံ့ကြေးကို ကိုယ်ကျိုးအတွက်ပဲ သုံးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013