
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းပေါ်က တံတားတစင်း ရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၃ ရက် မနက်ပိုင်းက လေးမျက်နှာမြို့နယ်၊ လက်သမား(ကရင်)ကျေးရွာအနီး လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းပေါ် မိုင်တိုင်အမှတ် ၆/၃ ဖာလုံနဲ့ ၆/၄ ဖာလုံကြားမှာရှိတဲ့ တံတားအမှတ် ၂/၆ (ကရင်) လက်သမားတံတားဟာ ရေတိုက်စားတဲ့ဒဏ်ကြောင့် ကျိုးကျ ပျက်စီးသွားတာလို့ ဆိုပါတယ်။
ဒေသခံပြည်သူတယောက်က “မနက် ၇ နာရီကျော်ကျော်လောက်က ကျိုးကျသွားတာ။ ရေတိုက်စားတဲ့ဒဏ်ကြောင့် တံတားကျိုးကျ ပျက်စီးသွားတာ။ လုံးဝကို သွားမရတဲ့အထိ ကျိုးကျသွားတာ” လို့ ပြောပါတယ်။
ကျိုးကျပျက်စီးသွားတဲ့ တံတားဟာ အလျား ၁၅ ပေ၊ အနံ ၁၂ ပေ၊ အကျယ် ၈ ပေရှိပြီး အိုင်သပြုမြို့၊ ငါးသိုင်းချောင်းမြို့၊ လေးမျက်နှာမြို့တို့ကို ဆက်သွယ်ထားတဲ့ ဒေသချင်းဆက်တံတားဖြစ်ကာ လတ်တလောအနေနဲ့ လုံးဝ ဆက်သွယ်သွားမရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “တံတားကို ဖြတ်မရတော့တာကြောင့် စက်လှေတွေနဲ့ လတ်တလော ကူညီကယ်ဆယ် ဆက်သွယ်ပေးနေပါတယ်။ စက်လှေတွေ အဓိက လိုအပ်နေတယ်” လို့ ပြောပါတယ်။
ကျိုးကျပျက်စီးသွားတဲ့ လက်သမား(ကရင်)တံတားဟာ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ ကျိုးပေါက်မှုကြောင့် ဝင်ရောက်လာတဲ့ ရေတိုက်စားတဲ့ဒဏ်ကြောင့် ကျိုးကျသွားတာလို့ ဆိုပါတယ်။
လတ်တလောအနေနဲ့ ငဝန်ရေကာတာ ကျိုးပေါက်တဲ့ အရှိန်ကြောင့် လေးမျက်နှာမြို့နယ်ထဲက အိုင်သပြုမြို့နဲ့ ဆက်စပ်နေတဲ့ ငါးသိုင်းချောင်းမြို့အပြင် ကျုံပျော်မြို့နယ်ဘက်က ကျေးရွာတွေဆီပါ ရေဝင်ရောက်နေတယ်လို့ သိရပါတယ်။










