
ရေကြီးရေမှုဖြစ်နေတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ဘေးရှောင်အရပ်သား ၂ ယောက် မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီက သိရပါတယ်။
သေဆုံးသူ စစ်ဘေးရှောင် ၂ ယောက်ဟာ အသက် ၅၀ ကျော်အရွယ် ဦးကျောက်နဲ့ ဒေါ်သိန်းမြင့်တို့ဖြစ်ပြီး သြဂုတ် ၁၈ ရက်ညနေက လေးမျက်နှာမြို့နယ်၊ ရခိုင်ရိုးမအစပ် ပုသိမ်-မုံရွာကား လမ်းဘေး စက်စက်ယိုကျေးရွာ အနီးမှာ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတယောာက်က “ငါးရှာ၊ ဖားရှာထွက်ရင်းဖြစ်တာလို့ သိရတယ်။ နှစ်ယောက်လုံး တခါတည်းဆုံးသွားတာ။ မြေမြှုပ်မိုင်းနင်းမိတာ။ သေဆုံးသူတွေက စစ်ဘေးရှောင်တွေပါ” လို့ ပြောပါတယ်။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတဲ့ အမျိုးသမီးနဲ့ အမျိုးသားဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ကဖြစ်ပြီး မိသားစုဝင်တွေရှိတဲ့ လေးမျက်နှာမြို့နယ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလလောက်ကတည်းက စစ်ဘေးရှောင်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေ မြေမြှုပ်နင်းမိမှုဖြစ်တဲ့ စက်စက်ယိုကျေးရွာဟာ ၂၀၂၆ ခုနှစ်အတွင်း စစ်အာဏာရှင်တပ်တွေ မကြခဏ စစ်ကြောင်းထိုးတာ၊ ယာယီလာရောက်စခန်းချတာတွေ လုပ်ခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခု စစ်ဘေးရှောင်တွေ မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ရတဲ့ လေးမျက်နှာမြို့နယ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက် ညပိုင်းက ငဝန်မြစ်ကို ကာထားတဲ့ ငဝန်ရေကာတာဘောင် ကျိုးပေါက်မှုကြောင့် လတ်တလောအချိန်အထိ ရေလွှမ်းမိုးတဲ့ဒဏ် အဆိုးဆုံးခံနေရတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။











