DVB Logo
Home
မြန်မာသတင်း
အဓမ္မကျင့်ခံရသည့် ကလေးအမှု၌ လာဘ်ယူခဲ့သည့် အိမ်မဲက အုပ်ချုပ်ရေးမှူးနှင့်ရဲများ စစ်ဆေးခံရ
DVB
·
August 9, 2025
အဓမ္မကျင့်ခံရသည့် ကလေးအမှု၌ လာဘ်ယူခဲ့သည့် အိမ်မဲက အုပ်ချုပ်ရေးမှူးနှင့်ရဲများ စစ်ဆေးခံရ
Donate to DVB

ဧရာဝတီတိုင်း၊‌ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်မှာ တူမကိုမုဒိမ်းကျင့်တဲ့အမှုကို လာဘ်ယူပြီး ထောင် ၂ လ ပဲချဖို့လုပ်ခဲ့တဲ့ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။

အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာခံခဲ့ရတဲ့ မိန်းကလေးအမှုကို ရဲတိုင်ခဲ့ပေမဲ့ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးပေါင်းပြီး ကျူးလွန်သူဆီက လာဘ်ငွေယူ အမှုခေါင်းစဉ်ပြောင်းခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီအမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ကောင်စီခန့် ခြောက်အိမ်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်မောင်လင်းနဲ့ လူကောင်းကျွန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင်တချို့၊ တရားရေးဝန်ထမ်းတချို့ကို သြဂုတ်လ ပထမအပတ်ကစလို့ စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိရှိသူတယောက်က “စစ်တာကလည်း ပွင့်လင်းမြင်သာမှု မရှိပါဘူး။ မြို့နယ်အဖွဲ့က စစ်ဆေးတာတော့ ဟုတ်တယ်။ မြို့ပေါ်ကို ခေါ်စစ်တာ။ နစ်နာသူ မိန်းကလေးမိသားစုက မကျေနပ်ကြောင်းတွေ မီဒီယာတွေကို ထုတ်ပြောလို့ စစ်တာလို့ သိရပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ဦးလေးအရင်းဖြစ်သူ ဦးအောင်ကို ဆိုသူက အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အထက-ခွဲ ကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် နစ်နာသူ မိသားစုတွေက လူကောင်းကျွန်း နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ရဲစခန်းက ဥပဒေအရာရှိတွေနဲ့ပေါင်းပြီး ကျူးလွန်သူဆီကနေ ငွေကြေးသိန်းဆယ်ချီယူပြီးနောက် မုဒိမ်းမှုအစား မူးယစ်ရမ်းကားမှုလို့ ပြောင်းခဲ့ကြတာကြောင့် ဇူလိုင် ၃ ရက်မှာ အဓမ္မပြုကျင့်မှု ကျူးလွန်တဲ့ ဦးအောင်ကို ဆိုသူဟာ မုဒိမ်းမှုနဲ့မဟုတ်ဘဲ မူးယစ်ရမ်းကားမှုနဲ့ ထောင် ၂ လပဲ ကျခံခဲ့ရတယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိသူတယောက်က “နစ်နာသူ မိန်းကလေး မိသားစုဘက်က မြို့နယ်အဆင့်အထိတော့ တိုင်ခဲ့သေးတယ်။ ရှေ့ဆက် တိုင်တာတို့ ဘာတို့တော့ မလုပ်နိုင်ပါဘူး။ သူတို့က ငွေကြေးပြည့်စုံမှု မရှိလို့ပါ။ မီဒီယာတွေ တော်တော်များများက ဒီကိစ္စနဲ့ပတ်သက်လို့ မေးတာတွေ ရှိတယ်လေ။ အခု စစ်ဆေးတယ် ဘာညာဆိုတာလည်း မီဒီယာတွေကြောင့် ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ခြောက်အိမ်တန်းကျေးရွာ အုပ်ချုပ်ရေမှူး မောင်မောင်လင်းက နစ်နာသူ မိန်းကလေးရဲ့ မိသားစုဆီကနေ အမှုဖွင့်မယ်ဆိုရင် ၂ သိန်းပေးရမယ်ဆိုပြီး တောင်းယူခဲ့တာကြောင့် မိန်းကလေးမိသားစုတွေဟာ ငွေကျပ် ၁၅၀,၀၀၀ ချေးငှားပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

နစ်နာသူ မိသားစုက ဖြစ်စဉ်အသေးစိတ်ကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က လိပ်မူတိုင်ကြားခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013