
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အင်းတမိ သက္ကယ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
အဓမ္မပြုကျင့်ခံရသူမှာ အင်းတမိ သက္ကယ်ကျေးရွာက ဒေါ်အေးမြစိုးရဲ့သမီး အသက် ၁၄ နှစ်အရွယ် မိန်းကလေးဖြစ်ပြီး အတူနေ ပထွေးဖြစ်သူ အသက် ၄၃ နှစ်အရွယ် ဇော်နန်းဌေး (ခ) ကုလားလေးက မနှစ် ဒီဇင်ဘာလဝန်းကျင်က အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။
မိန်းကလေးဟာ ပထွေးဖြစ်သူက မိခင် မရှိချိန်တိုင်း ၅ ကြိမ်ထက်မနည်း မုဒိမ်းပြုကျင့်ခံရပြီး ကိုယ်ဝန်ရင့်လာချိန် မေလတတိယအပတ်ထဲမှာ အဒေါ်ဖြစ်သူက မေးမြန်းရာက စတင်သိရှိခဲ့ကာ ဇွန် ၁ ရက်က အိမ်မဲမြို့နယ်ရဲစခန်းမှာ အဒေါ်ဖြစ်သူက တိုင်ကြားထားတယ်လို့ သိရပါတယ်။
အိမ်မဲမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဗိုက်က တနေ့တခြား ပူလာတယ်။ ကိုယ်ဝန်က ရင့်လာတာ။ ဒါကို အဒေါ်က သတိထားမိ သိသွားတာ။ တူမလေးကို မေးကြည့်တော့ ပထွေးဖြစ်သူ က ခြိမ်းခြောက်ပြုကျင့်တာကို သိသွားတာ” လို့ ပြောပါတယ်။
အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ လက်ရှိ ကိုယ်ဝန် ၅ လ ဆောင်ထားရပြီး ကျူးလွန်သူ ဇော်နန်းဌေး (ခ) ကုလားလေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် အရေးယူထား ပါတယ်။










