
ရှမ်းပြည်တောင်ပိုင်း၊ ရွာငံနဲ့ သာစည်မြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၁၀ ယောက် သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ပွဲအတွင်း MA-1 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ ကျည်အိမ် ၆ ခု၊ ကျည်ဆန်တွေနဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၆ ရက် မနက် ၆ နာရီလောက်မှာ စစ်အာဏာရှင်တပ်က အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်းနဲ့ ၁ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက် သေဆုံးမှုတွေနဲ့ ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ တိုက်ပွဲအခြေအနေကို DSNDA က ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းတွေကို လမ်းပြတာ၊ သတင်းပေးတာနဲ့ ပူးတွဲ နေထိုင်တာတွေ မလုပ်ဖို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်က သတိပေးထား ပါတယ်။
ဓနုဒေသမှာ စစ်အာဏာရှင်တပ်တွေရဲ့ ဖိနှိပ်ချုပ်ချယ်ခံရတာ၊ ပြည်သူ့ပိုင်ပစ္စည်းတွေ ခိုးယူ လုယက်ခံရတာ၊ မတရားဖမ်းဆီးခံရတာနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို မခံနိုင်တဲ့ အတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်ဖို့ ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော်ကို ၂၀၂၃ ခုနှစ် နို၀င်ဘာ ၂ ရက်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။











