DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ရေကြီးပြီး လူ ၂ ဦး မျောပါသေဆုံး
DVB
·
August 8, 2025
ကျောက်မဲတွင် ရေကြီးပြီး လူ ၂ ဦး မျောပါသေဆုံး
1 / 10
Donate to DVB

ကျောက်မဲမြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာ တချို့မှာ ဩဂုတ် ၆ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးတာကြောင့် လူ ၂ ယောက် မျောပါသေဆုံးကာ စိုက်ခင်း‌တွေလည်း ရေလွှမ်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ပိန် - ကျောက်ဂူ လမ်းပိုင်း၊ အထက်ရဲရွာ ရေအားလျှပ်စစ်လမ်းကနေ နောင်ချိုဘက် နေရပ်ပြန်တဲ့ အသက် ၅၁ နှစ် အရွယ် စစ်ရှောင်အမျိုးသားတယောက် ဩဂုတ် ၆ ရက်နေ့ မွန်းလဲပိုင်း နမ့်ဟူးရွာ အကျော်လမ်းမှာ ရေကျော်နေချိန် ဖြတ်လာလို့ ရေစီးနဲ့ အတူ ဆိုင်ကယ်ရော လူပါ မျောပါသေဆုံးခဲ့တယ်လို့ နောင်ပိန် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

ဒါ့အပြင် ဩဂုတ် ၆ ရက်နေ့မှာပဲ ကျောက်မဲ နောင်ပိန်ရွာမှာ ရေကြီးပြီး လမ်းရေကျော်စဉ် ဖြတ်မောင်းလာတဲ ဟွန်ဒါဖစ်တစီး၊ ခြောက်ဘီးတစီး၊ လူ ၂ ယောက် မျောပါသွားခဲ့ရာက ညနေပိုင်းမှာ လူတယောက်ကိုပဲ အသက်ရှင်လျက် ရွာမကြီးဘက်အနီး ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီး တယောက်က  "နောင်ကွမ်ချောင်းမှာ လူ တယောက်မျောပါ သေဆုံးသွားတယ်။ စစ်ရှောင်က ဟုတ် မဟုတ် မေးနေတုန်းပဲ။ အထက်ရဲရွာ ရေအားလျှပ်စစ်သွားတဲ့ လမ်းက နမ့်ဟူးရွာဘက်လည်း တယောက် မျောပါသေဆုံးသွားတာ။ အဲဒါ သပ်သပ် တခြားတယောက်” လို့ ပြောပါတယ်။ 

နောင်ကွမ်ဘက်က တံတားအကြီးပါ ပျက်သွားတယ်ဆိုတော့ ကျောက်မဲကို လာဖို့ တံတားတွေ ပြင်ရဦးမှာနဲ့ သွားလာရဖို့က ကြာဦးမယ် မလွယ်ဝောာ့ဘူးလို့ နောင်ကွမ်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။

“နောင်ကွမ် လမ်းဘေးနား ဆန်စက်အိမ်က တအိမ်ထဲ ဝက်အကြီးတွေ ၁၀ ကောင်ကျော်၊ ဆိုင်ကယ်တစီး၊ လယ်ထွန်စက်ပါ ရေထဲ မျောပါသွားပြီ။ ထော်လာဂျီ အသေး အပင်မှာ သွားချိတ်နေတဲ့ဟာချိတ်၊ တံတားအကြီးလည်း ပျက်သွားပြီ။”  

ကျောက်မဲဒေသခံတယောက်က “စိုက်ခင်းတွေက ပုံဝိုး၊ နောင်ကွမ် နဲ့ ဗူးခါး ရွာဘက်တွေက စိုက်ခင်းတွေတင် ဧက ရာချီ ရေမြုပ်ပြီ” လို့ ပြောပါတယ်။

နေအိမ်တွေမှာ ရေဝင်၊ အုတ်တံတိုင်းတွေပြို ဖြစ်နေပြီး မိုးက ဩဂုတ် ၆ ရက်နေ့ ကတည်းက ရွာတာ  ဩဂုတ် ၇ ရက်အထိ မိုးက မပြတ်သေးဘူးလို့ ဆိုပါတယ်။

ရေကာတာ အထက်က ချောင်း၊ မြောင်း ဘေးနားတလျှောက်က ရွာတွေ ရေတက်နေကာ မြို့ပေါ် အနိမ့်ပိုင်း တချို့နေရာ အပါအဝင် ကျောက်မဲ မြို့နယ် နောင်ပိန်၊ ခဲမွန်၊ နောင်ကွမ်၊ ခိုအုံ စတဲ့ နေရာ အနှံ့ ရေကြီးနေတာလို့ ဆိုပါတယ်။

ဒေသခံတွေ သဘာဝ ဘေးအန္တရာယ် သက်ရောက်မှု ရှိလာနိုင်တာ‌ကြောင့် အစိုးရ အဆက်ဆက် ကန့်ကွက်ခဲ့တဲ့ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ရေကာတာကလည်း ကျောက်မဲမြို့နယ်မှာ တည်ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013