DVB Logo
Home
မြန်မာသတင်း
လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြကန်သာတရွာလုံး ပြာကျ
DVB
·
August 8, 2025
လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြကန်သာတရွာလုံး ပြာကျ
Donate to DVB

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် PDF တွေ သိမ်းယူထားတဲ့ အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ မြကန်သာတရွာလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ 

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာနဲ့ သရက်ကိုင်းကျေးရွာတို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဇူလိုင် ၂၀ ရက်နေ့မှာ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွေမှာ မြကန်သာနဲ့ သရက်ကိုင်း အထိုင်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားတာပါ။ 

အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အိမ်ခြေ ၁,၀၀၀ ဝန်းကျင်ရှိတဲ့ မြကန်သာကျေးရွာတခုလုံး ပြာကျခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

ဇူလိုင် ၂၆ ရက်နေ့ကလည်း PDF ထိန်းချုပ်နယ်မြေထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားပိုင် Alpha ဘိလပ်မြေစက်ရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စက်ရုံဝင်းထဲက အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။ 

မြကန်သာနဲ့ သရက်ကိုင်းကျေးရွာတွေအနီးမှာ စစ်ကောင်စီက လက်လွှတ်ထားရတဲ့ မတ္တရာနယ်ထဲက အယ်လ်ဖာဘိလပ်မြေစက်ရုံတည်ရှိနေတာဖြစ်ပါတယ်။

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “မြကန်သာက ပြီးခဲ့တဲ့ ၃၀-၃၁ ရက်လောက်ကတည်းက ပြာကျသွားတာ၊ တရွာလုံးပဲ။ အိမ်ခြေ ၁,၀၀၀ ကျော်လောက်ရှိတဲ့ရွာက ၄ လုံးပဲ ကျန်တာတဲ့။ အဲ့ဒီ ၄ လုံးကလည်း ကျည်ဒဏ်ရာ ဗရပွနဲ့။ တရွာလုံးက အုတ်ပုံနဲ့ပြာပုံဖြစ်သွားတာ။ ၂၅ရက်-၂၆ ရက်က စကစ ဘက်က ပစ်တဲ့ လက်နက်ကြီးရယ်၊ ကြဲတဲ့လေယာဉ်တွေရယ်ပေါ့။ ကိုယ့်ဘက်က ရဲဘော်တွေက မြကန်သာတောင်ဘက်အထိအောင် တိုက်လိုက်တယ်၊ တိုက်လိုက်ပြီးတော့ အသာလေးနောက်ပြန်ဆုတ်လာကြတယ်။ ဟိုကောင်တွေက အဲဒါကို မသိဘဲနဲ့ ရွာထဲမှာ ခိုနေတယ်ထင်ပြီးတော့ ရွာကိုချတာ ကုန်ရော။ မြကန်သာရွာကလူတွေက အဲ့ဒီဖြစ်စဉ်ကိုမသိဘူး၊ သူတို့တွေ စစ်ရှောင်ရောက်နေတာက ကြာနီကန်ဘက်ကိုရောက်နေတာ။ ရွာပြန်ဝင်လို့ရပြီဆိုပြီးတော့ ပြီးခဲ့တဲ့ ၁ ရက်နေ့ကလာကြတယ်။ ဇကာတောင် တောင်ဘက် စကစ ဂိတ်ကနေပြီးတော့ သူတို့ကို ပြန်လွှတ်လိုက်တယ်၊ အဝင်မခံဘူး။ သူတို့ကလည်း ပစ္စည်းတွေ ပြန်ယူလို့ ရတယ်ဆိုပြီးတော့ ကျန်ရှိပစ္စည်းလေးတွလာယူတာ။ တကယ်တမ်းက ရွာကပြာကျနေပြီ၊ အဲ့ဒါကို သူတို့ကမသိဘူး။ ဇကာတောင်ရဲ့တောင်ဘက်မှာ စကစ ဂိတ်လုပ်ထားတာရှိတယ်၊ အဲ့ဒီဂိတ်မှာ သူတို့နောက်တန်းအထိုင်ပေါ့။ အဲဒီဟာက မန္တလေး-မတ္တရာလမ်းမကြီးပေါ်မှာပဲ။ အဲ့ဒီဇကာတောင်ရဲ့တောင်ဘက်မှာ မရှိခဏတောင်ဆိုတာရှိတယ်။ အဲ့ဒီတောင်ပေါ်မှာတော့ စကစ က အရပ်ဝတ်နဲ့ ဖြန့်ကြက်ပြီးနေရာယူထားတယ်။ တောင်ပေါ်က ဘုန်းကြီးတွေ မနေ့က အကုန်နှင်ချလိုက်ပြ။ လက်ရှိကတော့ ပုသိမ်ကြီးမြို့နယ် မြောက်ခြမ်းထဲမှာ အဲဒီအခြေအနေရှိတယ်။ ကျနော်တို့ မန္တလေးတောင်ကနေတိုင်းလိုက်လို့ရှိရင် ၉ မိုင်ကျော် ၁၀ မိုင်ဝန်းကျင်၊ ၁၀ မိုင်မပြည့်ဘူးရယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ထိစပ်နေတဲ့ စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်းနဲ့ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်း ဧရာဝတီမြစ်ရိုးတမ်းအနောက်ဘက်ကမ်းက အုတ်ဖို၊ စဉ့်ကိုင်ရွာတွေမှာ စစ်ကောင်စီက ဩဂုတ်လဆန်းပိုင်းကစပြီး ဖြန့်ကြက်ဝင်ရောက်အထိုင်ချထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

စစ်ကောင်စီဘက်က လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေရှိနေပြီး ၂ ဖက်စစ်ရေး တင်းမာနေတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၉ ရက်နေ့ညပိုင်းက ကန့်ဘလူနယ် အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမကြီးအနီးက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက် ၉ နှစ်အရွယ် ကလေးတယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။

ကန့်ဘလူဒေသခံတယောက်က “ဆေးရုံ၊ ဆေးရုံ၊ မလယ်တိုက်နယ်ထဲပါမှာပေါ့။ ကြာပါပြီ သူတို့သတင်းပေါက်တာက။ အဲ့ဒီနေ့က ညပိုင်းမှာ နည်းနည်းအကြီးအကဲပိုင်းရောက်တာပေ့ါ၊ အဲဒီအချိန်ပိုပြီးတော့ဆိုးသွားတာ။ ဟုတ်တယ်၊ တိုင်းအကြီးအကဲတယောက်။ ၅ ယောက်၊ ၉ နှစ်အရွယ် တယောက်သေတယ်။ ပျက်တာပေ့ါ၊ ခွဲစိတ်ခန်းအဆောက်အဦ ကြား ကျတာဆိုတော့လေ။ တချို့ကိစ္စကြတော့လည်း မေးရခက်လို့၊ အစုံပေ့ါလေ။ ကျနော်တို့ပြောမယ်ဆိုရင် PDF တကယ့် ဆေးရုံကြီးပေ့ါ၊ ဒီနယ်မြေမှာ စစ်ကိုင်းတိုင်းမှာဆိုရင် သူအကြီးဆုံးပဲလေ စောစောတုန်းက။ စစ်ကိုင်းတိုင်းမှာဆိုရင် နယ်မြေပေါင်းစုံလာကုရတာကိုး အဲ့ဒီဘက်ကတော်တော်များများ အဲ့ဒီလို” လို့ ပြောပါတယ်။

စစ်ကောင်စီက ပုသိမ်ကြီးနယ်နဲ့ မတ္တရာနယ်တွေမှာ စခန်းတွေလက်လွှတ်ခဲ့ရပြီးနောက် ပြန်လည်ဖိအားပေးတိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

စစ်ကောင်စီ ဧရာဝတီမြစ်ရိုးတလျှောက် မန္တလေးမြို့အထက်အောက်တောက်လျှောက်မှာတည်ရှိတဲ့ မြင်းခြံ၊ စစ်ကိုင်း၊ မတ္တရာ၊ သပိတ်ကျင်းနယ်တွေကို ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပြီး ဧရာဝတီမြစ်ရိုးတလျှောက်ရေလမ်းကို ထိန်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013