DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်ခရိုင်၌ ရေကြီးပြီး ရွာ ၁၇၀ ကျော် ရေမြုပ်၊ သံတောင်ကြီး မြေပြိုမှု သေဆုံးသူ ၁၁ ဦး ရှိလာ
DVB
·
August 7, 2025
ညောင်လေးပင်ခရိုင်၌ ရေကြီးပြီး ရွာ ၁၇၀ ကျော် ရေမြုပ်၊ သံတောင်ကြီး မြေပြိုမှု သေဆုံးသူ ၁၁ ဦး ရှိလာ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ပဲခူးတိုင်း၊  ခလယ်လွီထူခရိုင် (ညောင်လေးပင်)ရှိ  လယ်ဒို(ကျောက်ကြီး)၊ ဆောထိ (ရွှေကျင်) နဲ့ မူးမြို့နယ်မှာ ဇူလိုင် ၂၃ ရက်ကစလို့ သြဂုတ် ၆ ရက်အထိ မိုးရွာပြီး ရေဆက်တိုက်ကြီးတာကြောင့် ကျေးရွာ ၁၇၇ ရွာ ရေနစ်မြုပ်ပြီး လယ်ဧက ၃၄,၂၅၀ ကျော် ရေလွှမ်းခံရပါတယ်။

မိုးရွာ ရေကြီးလို့ ဒေသခံ ၁၀၀,၀၀၀ ဝန်းကျင် ရေဘေးသင့်နေပြီး နေအိမ် ၂၅ လုံး ပျက်စီးတဲ့အပြင် ကျောင်း ၅၅ ကျောင်းလည်း ပိတ်ထားရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သိရပါတယ်။

နေအိမ်ပျက်စီးခဲ့ရသူတွေက စာသင်ကျောင်းနဲ့ အသိမိတ်ဆွေတွေရဲ့အိမ်မှာ သွားရောက်နေထိုင်သလို လူမရှိတဲ့အိမ်တချို့မှာ နေထိုင်တာလည်း ရှိတယ်လို့ သိရပါတယ်။ ရေကြီးရေလျှံမှုကြောင့် စားသောက်ဖို့နဲ့ နေထိုင်ဖို့ကလည်း အခက်အခဲ ရှိနေတာပါ။

လယ်ဒို(ကျောက်ကြီး) ဒေသခံတယောက်က “ဒီမှာ အခုက ရေတွေကြီးတယ်၊ အစားအသောက်က နည်းနည်းတော့ ကျပ်တည်းတာပေါ့။ စားရေးသောက်ရေးကလည်း အဆင်သိပ်မပြေ၊ နိုင်ငံရေးလည်း ပဋိပက္ခ၊ လက်နက်ကြီးတွေက ဟိုကျ ဒီကျ၊ ဒီနားမှာလည်း ၂ လုံး ၃ လုံးကျ။ ဘယ်လိုမှ မတတ်နိုင်ဘူးလေ။ ဘုရားသခင်ဆီမှာပဲ ဆုတောင်းနေတာပေါ့” လို့ ပြောပါတယ်။

ဇူလိုင် ၂၃ ရက်ကစပြီး ဒီနေ့အထိ မိုးရွာ ရေကြီးလို့ မူးမြို့နယ်က ဒေသခံတွေရဲ့ နေအိမ် ၁၄ လုံး ရေထဲမျောပါသွားခဲ့ပြီး လယ်ဧက ၄,၂၅၀ ကျော်လည်း ရေနစ်မြုပ် ပျက်စီးခဲ့ရကာ ကျေးရွာ ၅၇ ရွာလည်း ရေနစ်မြုပ်တဲ့အပြင် စာသင်ကျောင်း ၁၈ ကျောင်းကိုလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

လယ်ဒို(ကျောက်ကြီး) မြို့နယ်မှာလည်း ရေကြီးရေလျှံမှုကြောင့် ကျေးရွာ ၈၀ ရေနစ်မြုပ်ပြီး လယ်ဧက ၃၀,၀၀၀ ကျော်လည်း ရေလွှမ်းမိုးခံရကာ စာသင်ကျောင်း ၃၇ ကျောင်းလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ဆောထိမြို့နယ်မှာလည်း ဇူလိုင် ၂၄ ရက်ကစလို့ ရေကြီးရေလျှံမှုကြောင့် ကျေးရွာ ၄၀ နီးပါး ရေနစ်မြုပ်ပြီး လေပြင်းတိုက်ခတ်တဲ့အတွက် နေအိမ် ၁၁ လုံး ပျက်စီးခဲ့ရသလို ကျောင်းလည်း ပိတ်ထားရပါတယ်။

မူးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးတာဝန်ခံက “အခုက နေရာတော်တော်များများက ရေကြီးနေတယ်။ ကျေးရွာမှာ ဖွဲ့စည်းထားတဲ့ အရေးပေါ်ကယ်ဆယ်ရေး ကော်မတီတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီး ကျေးရွာက လိုအပ်တဲ့ ဆန်တို့ မာမားတို့ ရေသန့်တို့ပေါ့၊ ကျေးရွာအကုန်လုံးတော့ မဟုတ်ဘူးပေါ့၊ ရေကြီးမှုဖြစ်စဥ် ဖြစ်ပွားပြီးနောက်ပိုင်းမှာ ကျေးရွာတော်တော်များများကတော့ အဓိက နေထိုင်ရေးပြဿနာတွေ ကြုံတွေ့နေရတယ်။ နောက်တခုကတော့ စားသောက်ရေးတွေ၊ နောက်ဆက်တွဲအနေနဲ့ ကြုံတွေ့နေရတာ ကျန်းမာရေး ပြဿနာတွေပေါ့။ သူတို့အနေနဲ့ ဆေးဝါးတွေ လိုအပ်နေတဲ့ အပိုင်းကိုလည်း တွေ့နေရပါတယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မှာလည်း နှစ်ရက်ဆက်တိုက် မိုးရွာပြီးတဲ့နောက် နီးစပ်ရာ ကျေးရွာတွေဖြစ်တဲ့ လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာနဲ့ တခြားကျေးရွာတွေက ဥယျာဥ်ခြံတွေအတွင်းမှာ မြေတွေပြိုကျလာပြီး ဒေသခံတွေ ပိတ်မိ ပျောက်ဆုံးနေပါတယ်။

ဩဂုတ် ၇ ရက် မနက်ပိုင်းအထိ ကယ်ဆယ်ရေးသမားတွေ ပြောပြချက်အရ သေဆုံးသူ ၁၁ ယောက်အထိ ရှိလာနေပြီး မြေပြိုကျလာတဲ့အချိန် ဥယျာဥ်ခြံတွေအထဲမှာ အလုပ်လုပ်နေတဲ့ ဒေသခံ အလုပ်သမား အများအပြား ပျောက်ဆုံးနေဆဲပါ။

ပျောက်ဆုံးပိတ်မိနေတဲ့သူတွေကို သွားကယ်ဖို့နဲ့ ရုပ်အလောင်းတွေ ရှာဖို့အတွက် မြို့ခံတွေကပဲ ကိုယ်ထူကိုယ်ထ လုပ်နေကြပြီး မြို့ထဲမှာ ဖုန်းလိုင်းနဲ့ မီးတွေလည်း ပြတ်တောက်နေပါတယ်။

သံတောင်ကြီးမြို့နဲ့ တောင်ငူမြို့ကို ဆက်ထားတဲ့ ကားလမ်းလည်း မြေပြိုလို့ လမ်းတွေ ပိတ်နေတဲ့အတွက် ပြင်ပက ကယ်ဆယ်ရေးအဖွဲ့တွေဟာ သံတောင်ကြီးမြို့ကို သွားလို့မရသေးသလို မြို့ထဲကသူတွေဟာလည်း မြို့ပြင်ထွက်လို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးနဲ့ လမ်းရှင်းလင်းရေးတွေအတွက် မြို့ထဲကသူတွေက အကူအညီ တောင်းခံထားပြီး လတ်တလောမှာ သောက်သုံးရေပြတ်လပ်မှုတွေ စကြုံနေရပြီ ဖြစ်ပါတယ်။

လက်ရှိ သံတောင်ကြီးမြို့ထဲမှာ အိမ်ခြေ အလုံး ၃၀ နီးပါး ပျက်စီးသွားခဲ့ပြီး မိုးမတိတ်သေးတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေကို ပြောင်းရွှေ့တာတွေ လုပ်ပေးနေကြပါတယ်။

စစ်တောင်းမြစ် အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ကမ်းက ကျေးရွာတွေက ရေနစ်မြုပ်မှုတွေကို ကြုံတွေ့ခံစားနေရပြီး ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးထားတဲ့ လယ်ဧကများစွာလည်း ရေလွှမ်းမိုးခံရတဲ့အပြင် နေရာရွှေ့ပြောင်းရတာ​ကြောင့် စားသောက်ဖို့အတွက် ရိက္ခာတွေနဲ့ နေထိုင်ဖို့အတွက် အမိုးအကာတွေ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

နှင်းနှင်း/ မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013