
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်း၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်အတွင်းက ထောင်နဲ့ချီတဲ့ စစ်ရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေး ဖျားနာတာကြောင့် ဆေးကုသမှုခံယူဖို့ ဆေးဝါးအပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာ ဝေးလံခေါင်းပါးတဲ့ ဒေသမှာ စစ်ရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ အဆင်ပြေသလို ဆေးကုသနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရှောင်တယောက်က “တော်တော်ဖျားနာကြတယ်။ အိမ်တိုင်းလိုလိုပဲ။ ကျောက်ကြီးဘက် အခြမ်းမှာကော ခုချိန်က ရွာတိုင်းလိုလို ဖြစ်ကြပါတယ်။ ကလေးတွေကော လူကြီးတွေကော။ ဆေးကုသမှုကတော့ ဆေးပေးတဲ့သူနဲ့ ဝေးတဲ့နေရာက ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆေးဝယ်သောက် ဆေးဝယ်ထိုးကြတာပေါ့။ အဆင်တော့ ဘယ်ပြေမလဲ။ အဆင်မပြေလည်း ဒီလိုပဲ ရုန်းရတာပေါ့။ အခုက ရွာတိုင်း ရွာတိုင်း စစ်ရှောင်တွေ သူ့အစုနဲ့ နည်းနည်းပါးပါး နားလည်တဲ့သူက ဆေးထိုး ရမ်းကုပေါ့ ပြောမယ်ဆို။ တုပ်ကွေးဆိုတာ သိတဲ့အတိုင်းပဲ ကူးစက်မြန်တဲ့ ရောဂါ” လို့ ပြောပါတယ်။
စစ်ရှောင်လူနာတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ယူဖို့နဲ့ ဆေးကုသမှုခံယူဖို့ မြို့ပေါ် သွားရောက်ရာမှာ စစ်အာဏာရှင်တပ်တွေရဲ့ ကင်းစခန်းတွေနဲ့ စစ်ကြောင်းတွေကို ရှောင်ကွင်း သွားလာနေရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေနဲ့ ထပ်မံရင်ဆိုင်နေရပါတယ်။
ကျန်းမာရေးဝန်ထမ်းတယောက်က “ဆေးတို့ ဘာတို့တော့ လိုတယ်လေ။ ဆေးတွေလည်း အခုဆို လမ်းကြောင်းတွေက မကောင်းလို့ ဆေးတွေမှာရတာလည်း ခက်ခဲတယ်။ ပြီးတော့ အခြေအနေကလည်း သိပ်မကောင်းဘူးလေ။ အခက်အခဲက အများကြီးရှိတာပေါ့။ လမ်းကြောင်းတွေ ပိတ်နေမှာလည်း စိုးရိမ်ရတယ်။ အခြေအနေမကောင်းတော့ လမ်းကြောင်း ပိတ်ရင် ဆေးတွေ မှာလို့မရ သယ်လို့မရတော့ဘူးလေ။ စစ်ရှောင်တွေလည်း အများကြီးပဲ။ စစ်ဘေးစစ်ဒဏ်ကြောင့် ရှောင်ပြေးနေရတာ။ (ဆေးဝါးလုံလောက်မှုက) အဲလောက်ထိတော့ မရှိဘူး။ တယောက်နည်းနည်းတော့ ရတာပေါ့။ ဒါပေမဲ့ လုံလုံလောက်လောက်တော့ မရှိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်အာဏာရှင်တပ်တွေ ကျောက်တံခါးမြို့ အရှေ့ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး ကျေးရွာတွေအတွင်းကို မြေပြင် စစ်ကြောင်းထိုးတာ၊ လေကြောင်းအပြင် လက်နက်ကြီး၊ ဒရုန်းတွေ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့တိုင်းလိုလို လုပ်ဆောင်နေတာကြောင့် စစ်ရှောင်ပြည်သူတွေဟာ နေရပ်မပြန်ရဲဘဲ နီးစပ်ရာ ဆွေမျိုးတွေရှိရာနဲ့ တော၊ တောင်တွေမှာ ခိုလှုံနေရပါတယ်။










