
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်တွင်းက ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဝေဟင်နဲ့ မြေပြင်ကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မေလအတွင်း ဒေသခံပြည်သူ ၅ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ လတာအတွင်း၊ ညောင်လေးပင်ခရိုင်တွင်းက မုန်း၊ ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်တွင်းက ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အာဏာရှင်တပ်ဘက်က လေကြောင်းကနေ ၅ ကြိမ်၊ လက်နက်ကြီးနဲ့ ၂၃ ကြိမ်၊ ဒရုန်းနဲ့ ၇၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဒါကြောင့် ဒေသခံပြည်သူ ၅ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း၊ နေအိမ်တွေ၊ ပြည်သူပိုင်ပစ္စည်းနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်ရှောင်တယောက်က “အခုက တိုက်ပွဲဖြစ်တယ်လို့တော့ မရှိပါဘူး။ အဲဒီလိုမျိုးပဲ လက်နက်ကြီး ရမ်းပစ်တာတို့ ရန်သူရှိနိုင်တဲ့နေရာ ဆိုပြီးတော့ ပစ်တော့ ထိခိုက်တာတွေရှိတယ်။ စစ်ကြောင်းထိုးတော့ ပစ်(လက်နက်ကြီး)တာတွေ ရှိတယ်။ စိုးရိမ်ကြောက်လန့်မှုကတော့ ပြောမနေနဲ့၊ ထွက်ပြေးကြတာပဲ။ စစ်ကြောင်းထိုးတာ တရွာပြီး တရွာပစ်တာ။ တချို့ကတော့ KNU ရှိတဲ့ဘက်ကို ပြေးတယ်။ တချို့ကတော့ မြို့ပေါ် တက်ပြေးကြတယ်။ တချို့ဆို လူကြီးပဲ ထွက်သွားရတယ်။ လမ်းပန်းဆက်သွယ်ရေးမကောင်း။ တချို့လည်း ဗွက်ထဲ သွားရတော့ ဘာမှ မလွယ်ဘူး။ အဆိုးဆုံးက ငါးဖယ်အင်းတို့၊ အလှိုင်းတို့ တောင်ခြေတို့က အဆိုးဆုံးပေါ့။ ဘာမှ မသယ်နိုင်ဘူး”လို့ ပြောပါတယ်။
ဒါအပြင် မေလကစပြီး စစ်အာဏာရှင်စစ်ကြောင်းတွေဟာ ငါးဖယ်အင်း၊ တောင်ခြေ၊ အလှိုင်း၊ နွားယဉ်ချောင်း၊ လေးအိမ်စု၊ သစ်ကွင်း၊ ကရင်ကျိုးကျေးရွာတွေကို လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “တပ်မဟာ ၃ မှာဖြစ်နေတဲ့ အနေအထားအရကတော့ ခန့်မှန်းသုံးသပ်ရသလောက်ဆိုရင် မိုးတွင်းမှာတော်လှန်းရေးတပ်ဖွဲ့တွေက ထိုးစစ်မဆင်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တခုရယ်။ နောက်တခုကကျတော့ အရပ်သားကို ပစ်မှတ်ထားပြီး လုပ်နေတဲ့ အပေါ်မှာ ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့အရာတခု ဖြစ်တယ်။ စစ်ရေးအရ ပြန်ကြည့်ရင် လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်တာမဟုတ်ဘဲ အရပ်သားပြည်သူတွေရဲ့ နေထိုင်ရာနေရာတွေ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့အပေါ်မှာဆိုရင် ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ကျနော်တို့က ပြောချင်တယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃၀ ရက်က ကျောက်ကြီးမြို့နယ်၊ ဝေဒေါခို(အင်တိုင်းကုန်း)ကျေးရွာကို ခမရ-၂၆၄ ကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၃ ယောက် ထိမှန်သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။










