
အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ ဂါနာနိုင်ငံ တောင်ပိုင်း အာရှန်တီဒေသမှာ သြဂုတ် ၆ ရက်က စစ်ရဟတ်ယာဉ် ပျက်ကျမှုအတွင်း ကာကွယ်ရေးဝန်ကြီး၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး၊ တခြားအရာရှိ ၃ ယောက်နဲ့ လေတပ်အမှုထမ်း ၃ ယောက်တို့ သေဆုံးသွားခဲ့ကြောင်း အစိုးရက ထုတ်ပြန်ပါတယ်။
ဂါနာ ကာကွယ်ရေးဝန်ကြီး အက်ဒွာ့ဒ် အိုးမာနယ် ဘိုးမား နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီး အီဘရာဟင်မ် မူးရ်တာလာ မူဟမ်မဒ် တို့ သေဆုံးခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုမှာ နိုင်ငံအတွက် ကြေကွဲစရာ အဖြစ်ဆိုးပါလို့ သမ္မတ ဂျွန်မဟာမာရဲ့ ရုံးခန်းမှ ဝန်ထမ်းအကြီးအကဲ ဂျူးလိယပ်စ် ဒေဘရာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
လေယာဉ်အမှုထမ်း ၃ ယောက်နဲ့ ခရီးသည် ၅ ယောက်ကို တင်ဆောင်လာတဲ့ ဇီနိုင်း လေတပ်ရဟတ်ယာဉ်ဟာ ရေဒါအဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့ အစောပိုင်းမှာ ဂါနာစစ်တပ်က ထုတ်ပြန်ထားပါတယ်။ ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
စစ်ရဟတ်ယာဉ် ပျက်ကျမှုကြောင့် နိုင်ငံတဝန်း ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်စေခဲ့ပါတယ်။
ဒေသခံတွေဟာ မယုံကြည်မှုနဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ထုတ်ဖော်ခဲ့ကြပြီး တချို့ကလည်း အများပြည်သူ ဆွေးနွေးမှုတွေအပေါ် ဝန်ကြီးတွေရဲ့ ပံ့ပိုးပါဝင်မှုတွေအကြောင်း အလေးပေး ဖော်ပြ ပြောဆိုခဲ့ပါတယ်။
Source: Reuters










