
ကရင်နီပြည်နယ်နဲ့ ရှမ်းပြည် နယ်စပ်မှာရှိတဲ့ ဖယ်ခုံအရှေ့ဘက်ကမ်းကနေ ကုန်းလမ်းကတဆင့် လမ်းလျှောက်ပြီး စစ်ရှောင်လာကြသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက လမ်းတဝက်ကနေ သွားရောက်ကယ်ထုတ်ပေးခဲ့တယ်လို့ Jobs For Kayah အဖွဲ့ တာဝန်ခံက ပြောပါတယ်။
သြဂုတ် ၆ ရက်က ဖယ်ခုံအရှေ့ဘက်ကမ်းကနေ ဒီးမော့ဆို အနောက်ခြမ်းကို ၁၀ ရက်ကျော် လမ်းလျှောက်လာသူ အယောက် ၂၀၀ ကျော်ကို ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူ အယောက် ၂၀၀ ကျော်ကို Clean Yangon၊ Jobs For Kayah၊ Karenni Hope၊ Free Burma Rangers နဲ့ တခြားကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့တာလို့ ဆိုပါတယ်။
Jobs For Kayah အဖွဲ့ တာဝန်ခံက “အခု ကယ်ထုတ်လာတဲ့ စစ်ရှောင်တွေက မိုးဗြဲ၊ ဖယ်ခုံ အရှေ့ဘက်ကမ်းက စစ်ဘေးရှောင်တွေပေါ့နော်။ တကွေ့တပတ်ကြီးပေါ့နော် သူတို့ လမ်းလျှောက်ရတာပေါ့။ ၁၀ ရက်နီးပါးပေါ့၊ ဒါပေမဲ့ လမ်းတထောက်မှာ သူတို့ ကြာကြာ နားလိုက်တယ်ပေါ့နော်။ အခုလျှောက်လာတာတော့ ၂ ရက်ခွဲပေါ့” လို့ ပြောပါတယ်။
ဇူလိုင်လ ဒုတိယအပတ်ကစပြီး ဖယ်ခုံအရှေ့ဘက်ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူတွေကို အရှေ့ဘက်ကမ်းကနေ ဆက်တိုက် သွားရောက်ကယ်ထုတ်ခဲ့ရပြီး မိုးဗြဲလမ်းကို စစ်ကောင်စီရသွားချိန် ကယ်ထုတ်ဖို့ ခက်ခဲခဲ့ရပါတယ်။
ဒေသခံပြည်သူတွေကို သွားရောက်ကယ်ထုတ်လို့ မရတဲ့အတွက် ပိတ်မိနေသူတွေက ကုန်းလမ်းကနေ ၁၀ ရက်မက ခြေလျင်လမ်းလျှောက်လာပြီး စစ်ဘေးရှောင်ကြတာလည်း ရှိတယ်လို့ သိရပါတယ်။
ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ဖယ်ခုံအရှေ့ဘက်ကမ်းက ဒေသခံ ၂၅,၀၀၀၊ နန်းမယ်ခုံက ဒေသခံ ၁၅,၀၀၀၊ ဒေါငံခါး၊ ကုန်းသာနဲ့ ငွေတောင်ကနေ ပြည်သူ အယောက် ၁,၀၀၀ လောက်က ဒီးမော့ဆို အနောက်ဘက်ခြမ်းကို စစ်ဘေးရှောင်ကြတယ်လို့ စစ်ရှောင်အရေး ကူညီကယ်ထုတ်ပေးသူတွေက ပြောပါတယ်။










