
တရုတ်နိုင်ငံမှာ ဆင်တုပ်ကွေးဖြစ်သူ ၇,၀၀၀ ကျော်ရှိပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်ကလိုပဲ သတိပေး တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်နေပါတယ်။
တရုတ်နိုင်ငံ၊ ကွမ်တုံဒေသမှာ ခြင်ကြောင့် ကူးစက်တတ်တဲ့ ဆင်တုပ်ကွေး ဖြစ်ပွားနေပြီး ဖိုရှန်းမြို့ကတော့ ရောဂါဖြစ်ပွားမှု အဆိုးဆုံးလို့ ဆိုပါတယ်။
ဆင်တုပ်ကွေး ကူးစက်ခံရသူတွေကို ဆေးရုံမှာပဲ ထားရှိပြီး သူတို့ရဲ့ အိပ်ရာတွေမှာလည်း ခြင်ထောင်တွေထောင်ပြီး ကာကွယ်မှု ပြုလုပ်ထားတယ်လို့ ဖော်ပြပါတယ်။
ဆင်တုပ်ကွေးလူနာတွေဟာ ဆေးရုံမှာ တပတ်ကြာနေပြီး ရောဂါလက္ခဏာ သက်သာချိန်မှာ ဆေးရုံကနေ ဆင်းခွင့်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်က တခါတရံ ဖြစ်ပွားလေ့ရှိတဲ့ ဆင်တုပ်ကွေးရောဂါဟာ ခြင်ကိုက်ရာကတဆင့် ကူးစက်တာဖြစ်ပြီး အဖျားရောဂါနဲ့ ခန္ဓာကိုယ် နာကျင်မှုတွေ ဖြစ်ပွားစေပါတယ်။
တရုတ်နိုင်ငံမှာ ဆင်တုပ်ကွေးဖြစ်ပွားမှုနှုန်း နည်းပါးပြီး အမေရိကတိုက်တွေ၊ အာရှတိုက်တောင်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာသာ ဆင်တုပ်ကွေး ဖြစ်ပွားသလို အာဖရိကတိုက်မှာလည်း ဆင်တုပ်ကွေး ဖြစ်ပွားတယ်လို့ သိရပါတယ်။ ဥရောပမှာလည်း အနည်းအကျဉ်း တခါတလေ ကူးစက်လေ့ရှိပါတယ်။
ဖိုရှန်းမြို့အပြင် ကွမ်တုံဒေသမှာရှိတဲ့ တခြား မြို့ ၁၂ မြို့မှာလည်း ဆင်တုပ်ကွေး ဖြစ်ပွားတယ်ဆိုတဲ့ သတင်းတွေ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ တပတ်တည်းမှာတင် ဆင်တုပ်ကွေးဖြစ်ပွားမှု ၃,၀၀၀ နီးပါး ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
တနင်္ဂလာနေ့က ဟောင်ကောင်မှာ ဖိုရှန်းကို သွားရောက်ခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတယောက် ဖျားနာပြီး ကိုယ်လက်ကိုက်ခဲနေတဲ့ ပထမဆုံးဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
ဆင်တုပ်ကွေးရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါမျိုး မဟုတ်ပေမဲ့ ခြင်ကိုက်ရာကတဆင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ ရောဂါမျိုးပဲ ဖြစ်ပါတယ်။
ခြင်ကိုက်ခံရပြီးနောက် ၃ ရက်ကနေ ၇ ရက်အထိ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေ ဖြစ်ပွားတတ်ပါတယ်။
ဒီဗိုင်းရပ်စ်ကို ကုသတဲ့ဆေး မရှိပေမဲ့ အသက်သေဆုံးတဲ့ ဖြစ်ရပ်မျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
၁၉၅၂ ခုနှစ်က တန်ဇန်းနီးယားမှာ ပထမဆုံးတွေ့ခဲ့တဲ့ ဆင်တုပ်ကွေးရောဂါဟာ အရှေ့တောင်အာရှနဲ့ အာဖရိကကို ပျံ့နှံ့ခဲ့ကာ လက်ရှိအချိန်မှာ နိုင်ငံပေါင်း ၁၁၀ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။










